မန္တလေးတစ်မြို့လုံးရှိ လူငယ်များကို စစ်မှုထမ်းရန် စစ်ကောင်စီက မဲနှိုက်ရွေးချယ်

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အားလုံးမှ စစ်မှုထမ်းရန် အသက်ပြည့်မီသည့် လူငယ်များကို စစ်ကောင်စီက မဲနှိုက်ရွေးချယ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်မှုထမ်းအမှတ်စဉ် (၁၂) အတွက် ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန် မန္တလေးမြို့ရှိ ရပ်ကွက် များမှ လူငယ်၊ လူရွယ်များကို ရပ်ကွက်ကျောင်းများနှင့် အုပ်ချုပ်ရေးရုံးများတွင် မဲနှိုက်ကြရန် ခေါ်ဆောင်ထားကြောင်း သိရသည်။

“စာတွေလည်း လိုက်ဝေတယ်။ မြို့နယ်တစ်ခုတည်း မဟုတ်ဘူး။ မန္တလေးတစ်မြို့လုံးက မြို့နယ်တိုင်း အသက်မီသူမှန်သမျှ မဲနှိုက်ရမယ်လို့ လော်စပီကာတွေနဲ့ပါ လိုက်အော်တယ်။ ၁၂ တန်းပြီးမှ မဲနှိုက်တာလုပ်တယ်ဆိုတော့ တက္ကသိုလ်တက်ဖို့ ရည်မှန်းချက်ရှိတဲ့ ကလေးတွေပါ စစ်မှုထမ်းခေါ်တဲ့ သဘောပဲ”ဟု မန္တလေးမြို့ ‌မဟာအောင်မြေနေ အမျိုးသမီးတစ်ဦးက ပြောသည်။

မဲနှိုက်ရွေးချယ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မဲနှိုက်ရမည့်သူ သို့မဟုတ် မိသားစုထဲမှ ကိုယ်စားလှယ် တစ်ဦးက လာရောက်မဲနှိုက်ဆောင်ရွက်ရမည်ဖြစ်ပြီး လာရောက်ခြင်းမရှိသူများအတွက် မဲနှိုက် ရွေးချယ်ရေး လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက မဲနှိုက်၍ အတည်ပြုဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“အမေတွေလာပြီး မဲနှိုက်တာများတယ်။ ကလေးတွေကို မလွှတ်ရဲဘူး။ တစ်ခါထဲ ဖမ်းခေါ်သွားမှာစိုးလို့ အိမ်မှာရှိတဲ့ မိဘတွေ မဲလာနှိုက်ကြတာများတယ်။ မဲ လာနှိုက်ကြတာ မျက်နှာတွေလည်း မကောင်း ကြဘူး။ ကိုယ့်သားသမီးသေတွင်းပို့ဖို့ မဲနှိုက်ရတာ။ တကယ်မိဘချင်းကိုယ်ချင်းစာပါတယ်”ဟု အမည် မဖော် လိုသည့် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေသည့် နေရာဒေသများတွင် စစ်မှုထမ်းရန်အတွက် တပ်သားသစ် အများစု စုဆောင်းနေပြီး ယခုအခါ အင်အားလိုအပ်ချက်အတွက် မန္တလေးမြို့ နေ လူငယ်များစာရင်း ကိုပါ ကောက်ယူပြီး စစ်မှုထမ်းရန် မဲနှိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

“မဲသွားမနှိုက်လို့လည်းမရဘူး။ သူတို့က သန်းခေါင် စာရင်းကောက်ယူထားတဲ့အတိုင်း တာဝန်ရှိသူက မဲနှိုက်လိုက်တယ်ဆိုပြီး ကိုယ့်သားသမီးနာမည်ကြီးနဲ့ အိမ်လာခေါ်မှာ ငွေညှစ်မှာလည်း ကြောက် ရပါတယ်” ဟု အဆိုပါအမျိုးသမီးက ဆက်လက် ပြောသည်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစကာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး ဧပြီမှစတင်ကာ စစ်မှု ထမ်းအမှတ်စဉ် (၁) အတွက် လူငယ်လူရွယ်များကို ခေါ်ယူခဲ့ပြီး ယခုအမှတ်စဉ် (၁၂) အတွက် တပ်သားသစ်များကို အပူတပြင်းစုဆောင်းနေကြောင်း သိရသည်။

ထိုသို့ တပ်သားသစ်စုဆောင်းရာတွင် ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တို့တွင် စစ်ကောင်စီလက် အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက ဥပဒေမဲ့ပြုမူကာ ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေညှစ်တောင်းခံခြင်းများပြုလုပ်နေကြောင်း ဒေသသတင်းဖော်ပြချက်များအရ သိရသည်။

ပုံစာ – မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ဋရပ်ကွက်တွင် စစ်မှုထမ်းရန် မဲနှိုက်ခိုင်းနေစဉ်

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top