မုန်တိုင်းဖြစ်နိုင်ခြေများနေ၊ ရေကြီး မြေပြိုသတိပြုရန်လိုဟု မိုးလေဝသပညာရှင်ပြော

ဘင်္ဂလားပင်လယ်ထဲမှာ မုန်တိုင်းဖြစ်နိုင်ခြေများနေပြီး ရုတ်တရက်မိုးများနိုင်တာကြောင့် ရေကြီးနိုင်မဲ့ အန္တရာယ်ရှိလာနိုင်သလို မြေပြိုမြေကျွံနိုင်တာကို သတိပြုဖို့လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကလည်း ဒီနေ့ညနေ ၆ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ဒီနေ့ညကနေ ဧပြီ ၁၁ ရက်နေ့အထိ တနိုင်ငံလုံးမှာ နေရာကွက်ကျားကနေ နေရာစိပ်စိပ် မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိမှာတော့ တနိုင်ငံလုံးမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။

၁၂ ရက်၊ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ မိုးရေချိန် ၂ လက်မခွဲလောက်အထိ ရွာသွန်းနိုင်တဲ့နေရာ တော်တော်များများရှိနေတာကိုလည်း ခန့်မှန်းချက်ပြပုံမှာတွေ့ရပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ ECMWF ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်ခြေ စောင့်ကြည့်တဲ့ ဝက်ဘ်ဆိုက်ဖော်ပြချက်အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း ပင်လယ်ပြင်အတွင်း မုန်တိုင်းဖြစ်နိုင်ခြေ ရာနှုန်းပြည့်ရှိလာတာကို တွေ့ရတယ်လို့ ဧပြီ ၆ ရက် ဒီနေ့မွန်းလွဲ ၁ နာရီမှာ ရေးသားထားပါတယ်။

ဧပြီ ၉ ရက်ကနေ ၁၁ ရက်အတွင်း မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး ဆက်လက်ရွေ့လျားနိုင်တဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ခြေကတော့ ၇၀ ရာခိုင်နှုန်းရှိတာကိုတွေ့ရကြောင်း ဆိုပါတယ်။

တိမ်တိုက်တွေ ရွေ့လျားဝင်ရောက်နိုင်မဲ့အခြေအနေနဲ့ဆိုရင် ဧပြီ ၈ ရက်နေ့ကစတင်ပြီး ငလျင်ဒဏ်သင့်ဒေသတွေမှာ မိုးရွာသွန်းနိုင်ခြေများလာတယ်လို့လည်း ဆိုပါတယ်။

ဧပြီ ၇ ရက်နေ့ကစတင်ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းကတဆင့် မုန်တိုင်းဖြစ်လာနိုင်ခြေနဲ့ မြန်မာကမ်းရိုးတန်းဘက်ကို ဆက်လက်ရွေ့လျားနိုင်တဲ့ ဖြစ်နိုင်ခြေတွေ မြင့်တက်လာတာနဲ့အတူ ရုတ်တရက် မိုးများနိုင်မဲ့အခြေအနေကြောင့် ရေကြီးနိုင်မဲ့ အန္တရာယ်ရှိလာနိုင်ကြောင်း၊ ငလျင်ထိထားတဲ့ မြေအောက်မြေထုလွှာ အခြေအနေတွေကြောင့် မြေပြိုမြေကျွံနိုင်တဲ့ အခြေအနေတွေကို ကြိုတင်ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာပြီလို့ သတိပေးထားပြီး ငလျင်ဒဏ်သင့်ဒေသခံတွေအတွက် အမိုးအကာတွေ စတင်စီစဉ် ဆောင်ရွက်သင့်ပြီလို့လည်း အကြံပြုထားပါတယ်။

Photo – ဦးဝင်းနိုင်၊ မိုးဇလ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top