ငလျင်ဒဏ်သင့် မန္တလေးတွင် အိမ်ဝိုင်းဖြိုပေးသည့် ပရဟိတလူငယ်များ ဖမ်းဆီးခံနေရ

မန္တလေးမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားဖြင့် ငလျင်ကြောင့် ကယ်ဆယ်ရေး၊ ရှင်းလင်းရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတလူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီလ ၇ ရက် မနေ့က မန္တလေး၊ လမ်း ၆၀၊ ၃၀ မှာ ငလျင်ကြောင့် ပြိုကျသွားတဲ့ တိုက်ကို ကူညီဖြိုပေးနေတဲ့ ပရဟိတလူငယ် ၂၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးရတဲ့ အကြောင်းပြချက်ကတော့ ပရဟိတလူငယ်တွေဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကနေ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ဖို့ ခွင့်ပြုချက် မတောင်းခံခဲ့တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အိမ်ပိုင်ရှင်အမက ကလေးမွေးထားတာ သွေးနုသားနု၊ သူ့ယောက်ျားကလည်း ငလျင်မှာ သေသွားတော့ အိမ်ဖြိုဖို့ကို ကူဖို့ လိုင်းပေါ်ကနေ အကူအညီတောင်းတာ။ အဲ့မှာ ကောင်လေး၊ ကောင်မလေး အယောက် ၂၀ နီးပါးလောက်ပေါ့နော် Volunteer သွားကူကြတာ။ အိမ်ဖြိုတဲ့အချိန်မှာ အဲ့အမက ဆေးရုံရောက်နေတာ အိမ်မှာ မရှိနေဘူး။ ဒါပေမယ့် သူ့မောင်လေးကတော့ ရှိနေတာပေါ့နော်။ အဲ့အချိန်မှာ နေ့ခင်းမှာ စစ်ကားတွေနဲ့ ရဲတွေရော ဝင်ပြီး ကောက်သွားတာပဲ။ အိမ်ပိုင်ရှင် ကောင်လေးကလည်း ဒါကျနော့်အိမ်ပါလို့ ပြောတာကိုလည်း မရဘူးတဲ့။ မင်းတို့က ထွေအုပ်ရုံးကို ဆက်သွယ်တာ မဟုတ်တဲ့အတွက် ဆိုပြီး ဖမ်းခေါ်သွားတာပဲ” လို့ ဖြစ်စဉ်ကို အစအဆုံး သိနေတဲ့ ဒေသခံတစ်ယောက်က ကို ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါလူငယ်တွေဟာ လမ်း ၃၀-၃၁/ ၆၆ မှာရှိတဲ့ ရဲရုံးမှာ ဖမ်းခေါ်ခံထားရပြီး အိမ်ပိုင်ရှင်အမက ရဲရုံးကို လိုက်သွားရာမှာလည်း သိန်း ၅၀၀ ပေးမှ ပြန်လွတ်ပေးမယ်ဆိုပြီး အကြောင်းပြန်လာတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ပရဟိအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ယောက်ကလည်း “ကျနော်တို့ကတော့ လုပ်စရာရှိတာတော့ လုပ်ရမှာပဲ။ ကူညီပေးနေတာတောင် ဘာလာလာဆိုတဲ့ အနေအထားမျိုးနဲ့ အခက်အခဲတွေကို မျက်နှာမူပြီး လုပ်နေရတဲ့ အခြေအနေတွေတော့ ဖြစ်နေပါတယ်။ အခု မန်းလေးမှာက ပြန်လည်ထူထောင်ရေးပိုင်းကို ရောက်နေပြီဆိုတော့ ပိုပြီးတော့ သူတို့ (စစ်ကောင်စီ) ကလည်း သူတို့နာမည်ဝင်ယူတဲ့ အပိုင်းတွေ ရောက်လာပြီ ဝင်ထိုင်နေပြီလေ။ အဲ့လိုတွေ ဖြစ်နေတာပါ။ ကျနော်တို့ကတော့ ပရဟိတ လုပ်တာတောင် လုပ်ရကိုင်ရခက်နေပါတယ်” လို့ အခြေအနေတွေကို ရှင်းပြပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့မှာ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အနေနဲ့ ဘယ်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာ ရပ်တည်ပြီး ဆောင်ရွက်ခွင့်မရှိကြောင်း၊ ကြိုတင်ခွင့်ပြုချက် တောင်းခံဖို့ လိုအပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အတူတကွ ပူး ပေါင်း ဆောင်ရွက်မှသာ ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top