ဧရာဝတီတိုင်းတွင် စစ်ရေးဆက်လက်တင်းမာ

စစ်​ကောင်စီက​လေးမျက်နှာမြို့နယ်၌လေ​ကြောင်းတိုက်ခိုက်

ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာနေသောဒေသများ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ကျုံပျော်မြို့တွင် စစ်ကောင်စီလက်အောက်ခံရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ချင်းလယ်ကျေးရွာကို စစ်ကောင်စီက ဧပြီလ ၁၀ ရက် ညနေ ၄ နာရီခန့်တွင်လေကြောင်းမှတိုက်ခိုက်ခဲ့သည်။

အာရက္ခတပ်တော်AAက စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီစစ်ကြောင်းဝင်ရောက် လာ၍ တိုက်ပွဲဖြစ်ပွားပြီးနောက် လေကြောင်းမှလာရောက်တိုက်ခိုက်ခြင်းဟု လေးမျက်နှာမြို့ခံတဦးကပြောသည်။

ချင်းလယ်ရွာအနီး ရိုးမတောင်ကြောတွင် ပြီးခဲ့သည့်မတ်လမှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသည်။

ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခြင်းဟု မြို့ခံများကပြောသည်။

ထို့အပြင်လေးမျက်နှာ နှင့် ကွင်‌ကောက်မြို့နယ်ကြား ပုသိမ်-မုံရွာလမ်းကြော၌ ပြီးခဲ့သည် မတ်လ ၂၇ ရက်အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး မတ်လ ၂၈ရက်က စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးနောက်ပိုင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကအပစ်ရပ်လိုက်ခြင်းနှင့်အတူ တိုက်ပွဲအရှိန်လျော့သွားခဲ့သည်။

သို့သော်စစ်ကောင်စီက အပစ်ရပ်စာချုပ်ကိုဆက်လက်ချိုးဖောက်နေကြောင်း AAက ဧပြီလ ၅ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

လေးမျက်နှာမြို့နယ်နှင့်ဆက်စပ်နေသောကျုံပျော် မြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ဧပြီလ၁၀ရက်နေ့လယ်ပိုင်း၌ ပစ်ခတ်ရှင်းလင်းခံလိုက်ရသည်။

ကျုံပျော် မြို့နယ်ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူးကို လူတချို့က အိမ်ပေါ်တက်၍ သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top