နေပြည်တော် (သို့) ကျိန်စာသင့်နေတဲ့ ဝန်ထမ်းမြို့

တစ်နိုင်ငံလုံး စစ်မီးဟုန်းဟုန်းတောက်ပြီး အရပ်သားပြည်သူတွေ သတ်ဖြတ်ခံရ၊ မြို့ရွာတွေ မီးရှို့ဖျက်ဆီးခံရ၊ အိုးအိမ်တွေ ဗုံးကြဲ ဖျက်ဆီးခံနေရချိန်မှာ နေပြည်တော်မှာရှိတဲ့ အကြမ်းဖက် စစ်တပ် လက်ပါးစေ နန်းကြီးသုပ် ဝန်ထမ်းတွေကတော့ မင်းအောင်လှိုင်ကို သစ္စာခံရင်း ရေမီးအစုံနဲ့ လေထီးခုန်ပြီး သာယာနေခဲ့တယ်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုမှာ ငလျင်ဗဟိုချက်နဲ့ မိုင် ၁၀၀ ကျော် ဝေးကွာနဲ့ နေပြည်တော်မှာ ထင်မှတ်မထားလောက်အောင်ကို ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့သလို နန်းဖိုနန်းမ non-CDM ဝန်ထမ်းတွေနဲ့ သူတို့ မိသားစုတွေပါ အတုံးအရုံးနဲ့ သေကုန်ကြပါတယ်။

စစ်ကောင်စီက ငလျင်ဘေးသင့် ဝန်ထမ်းတွေအတွက် ဘာတွေ လုပ်ပေးခဲ့လဲ ဆိုတော့ ဘာမှကို လုပ်မပေးပါဘူး။

အခုထိ ဝန်ထမ်းအိမ်ရာတွေထဲမှာ ကယ်ဆယ်ရေးမရှိ၊ လုံခြုံရေးမရှိ၊ အလောင်းဖော်ပေးမယ့်သူမရှိ၊ ယုတ်စွအဆုံး ထမင်းထုပ် လာဝေတဲ့သူတောင် မရှိတဲ့အပြင် အချင်းချင်း ခိုးကြ ဓားပြတိုက်ကြနဲ့ တကယ့်ကို မြို့ပျက်ကြီးထဲမှာ ပိတ်မိပြီး ဘဝပျက်နေကြရတာပါ။

အကြမ်းဖက် စစ်တပ်က ဘာမှ လုပ်မပေးပေမယ့် ဘဘကြီး မင်းအောင်လှိုင်ကတော့ ငလျင်ဘေးအတွက် (၂) ခု လုပ်ပေးပါတယ်။

ပထမတစ်ခုက စစ်ကိုင်းမှာ ဖြစ်တဲ့ ငလျင်ဟာ စစ်တပ်ကို ကိုင်းညွှတ်သွားစေမယ့် အတိတ်နိမိတ်လို့ ကောက်ယူပြီး “စစ်ကိုင်းငလျင်” အစား “မန္တလေးငလျင်” လို့ ပြောင်းခေါ်စေပါတယ်။

နောက်တစ်ခုကတော့ နေပြည်တော်မှာ ရှိတဲ့ ဝန်ကြီးဌာန အဆောက်အအုံတွေ ပြန်လည်ဆောက်လုက်ခွင့်အတွက် သားဖြစ်သူ အောင်ပြည့်စုံ တစ်ယောက်တည်းကိုပဲ ကန်ထရိုက် ချပေးလိုက်ပါတယ်။

မတရားတဲ့ဘက်ကို ရပ်တည်မိတော့ သေတဲ့ကောင်တွေလဲ သေကြပြီ၊ တသက်လုံး ရှာဖွေခဲ့တဲ့ စည်းစိမ်ဥစ္စာတွေလဲ စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာကို ဆုံးရှုံး ကွယ်ပျောက်သွားပြီ ဖြစ်သလို နေစရာမဲ့ စားစရာမဲ့ ဘဝနဲ့ အသက်ရှင်ကျန်ခဲ့တဲ့ ဝန်ထမ်းတွေလဲ ထောင်ချီပြီး ရှိနေပါလိမ့်မယ်။

ပြည်သူ့ဆီကရတဲ့ အခွန်အခနဲ့ ပြည်သူကျွေးတဲ့ ထမင်းကို စားနေပြီး ပြည်သူကို ဘက်ကန်ခဲ့တဲ့ non-CDM တွေရဲ့ ဘဝကတော့ ၄ နှစ်ကျော် အချိန်အတွင်းမှာကို ပြည်သူ့ကျိန်စာ ထိထိမိမိကြီး စူးနေကြပါပြီလို့ ဆိုရတော့မှာပါ..။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top