မန္တလေးတွင် ငလျင်ကြောင့် ပြိုကျသွားသော ဂရိတ်ဝေါဟိုတယ်

မန္တလေးတွင် ငလျင်ကြောင့် ပြိုကျသွားသော ဂရိတ်ဝေါဟိုတယ်က ပိတ်မိသေဆုံးသူ ၁ ဦးလျှင် ငွေကျပ် သိန်း ၆၀ နစ်နာကြေးပေးရန် ကမ်းလှမ်းသော်လည်း ခင်ပွန်းနှင့်သမီး ၂ ဦးဆုံးရှုံးခဲ့သူ မနှင်းနှင်းရွှေ လက်မခံ

တန်ဖိုးကြီးကျောက်စိမ်းပါ အိတ် ပျောက်ဆုံးနေမှု ရှာဖွေပေးရန် ဂရိတ်ဝေါဟိုတယ်ကိုတောင်းဆိုသော်လည်း ပြန်မရ

မန္တလေးတွင် ငလျင်ကြောင့် ပြိုကျသွားသော ဂရိတ်ဝေါဟိုတယ်က ပိတ်မိသေဆုံးသူ ၁ ဦးလျှင် ငွေကျပ် သိန်း ၆၀ နစ်နာကြေးပေးရန် ကမ်းလှမ်းသော်လည်း ခင်ပွန်းနှင့်သမီး ၂ ဦးဆုံးရှုံးခဲ့သူ မနှင်းနှင်းရွှေ လက်မခံကြောင်း ကာယကံရှင် ကိုယ်တိုင်က ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် မန္တလေးရှိ ဂရိတ်ဝေါဟိုတယ်မှာ ပြိုကျသွားခဲ့ကြောင်း၊ ထိုသို့ ပြိုကျစဉ် မနှင်းနှင်းရွှေ၏ ခင်ပွန်းဖြစ်သူ ကိုအောင်ဖြိုးဇော်နှင့် သမီး ၂ ဦး ဖြစ်သော ရွှေဧကရီဇော်၊ ဟေမိခေတ် တို့ စုစုပေါင်း ၃ ဦး ပိတ်မိနေခဲ့ကြောင်း၊ သို့ရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီ လုပ်ဆောင်ပေးရန် ခွင့်မပြုခြင်းတို့ကြောင့် ငလျင်လှုပ်ခတ်ခဲ့ပြီး ၁၃ ရက်အကြာမှ အလောင်းများကို ပြန်လည် ရရှိခဲ့ကြောင်း၊ ယခုအခါ ဟိုတယ်က ပိတ်မိ၍ သေဆုံးသူ ၁ ဦးလျှင် ငွေကျပ် သိန်း ၆၀ ပေးရန် ကမ်းလှမ်းလာသော်လည်း ကာယကံရှင်က လုံး၀ လက်ခံခြင်းမပြုကြောင်း သိရှိရသည်။

“Great wall Hotel ဟိုတယ်ဘက်မှ ကမ်းလှမ်း‌သောနစ်နာကြေး ကို ကျွန်မ မနှင်းနှင်းရွှေမှ လုံးဝ မယူပါကြောင်း။ငလျင်ဘေး စဖြစ်သည့် အချိန်မှ စ၍ Great Wall Hotel ဘက်မှ ကယ်ဆယ်ရေး အပါအဝင် အခြားသော ဆုံးဖြတ်ချက်များကို နစ်နာသူ မိသားစုဝင်များအား မငဲ့ဘဲ ၎င်းတို့၏ သဘော ဆန္ဒအတိုင်းသာ လုပ်ဆောင်ခဲ့ပါတယ်။ ဖြစ်စဉ်အစတွင် လူအများလည်း သိထားပြီးသား ဖြစ်သလို ကျွန်မသည် ကျွန်မ၏ ခင်ပွန်းနဲ့ကလေးတွေရှိသော နေရာအတိအကျကို ပြောပြခဲ့ပါတယ်။ Hotel CCTV မှာလည်း တွေ့ရနိုင်ပါတယ်။ အချိန်မနှောင်းခင် ကယ်ဆယ်ရေးအတွက်လည်း ၎င်းတို့ဘက်မှ သတ်မှတ်ခဲ့သည့်နေရာများမှာသာ လုပ်ဆောင်ခဲ့ရပြီး အမျိုးမျိုးသော အခြေအနေများ နှင့် အဟန့်အတား များစွာကြားထဲက DB (လူသေ) တောင်မနည်း ပြန်ရအောင် အပူများစွာဖြင့် ကိုယ်ထူကိုယ်ထ ကြိုးပမ်းခဲ့ရသည့်အတွက် ယခုအချိန်မှာ မည်သို့သော ဖြေသိမ့်မှုမှ ကျွန်မကို မဖြေဆည်နိုင်ပါဘူး” ဟု မနှင်းနှင်းရွှေက ပြောဆိုသည်။

ဂရိတ်ဝေါ ဟိုတယ်အနေဖြင့် နစ်နာကြေးပေးမည့်အစား တန်ဖိုးကြီး ကျောက်စိမ်းပစ္စည်းများပါဝင်သော ခရီးဆောင်အိတ်ကို ရှာဖွေပေးရန် ဟိုတယ်ဘက်သို့ တောင်းဆိုခဲ့သော်လည်း ယခုအချိန်အထိ ပြန်လည်ရရှိခြင်းမရှိ ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ယခု ကျွန်မသည် ၎င်းတို့ ဘက်မှ ကမ်းလှမ်းလာသောနစ်နာကြေး အား မလိုချင်ပါ၊ ကျွန်မ ခင်ပွန်း ၏ နောက်ဆုံး ချွေးနဲစာ ကျောက်တွေပါတဲ့ အိတ်ကိုပဲ ပြန်လိုချင်ပါတယ်၊ရအောင်ရှာပေးပါ လို့ ဟိုတယ်ဘက်ကို တောင်းဆိုခဲ့ပါသည်။ သို့သော် လူလည်း ကယ်ခွင့်မရခဲ့ သလို ယောက်ျား ဖြစ်သူရဲ့ နောက်ဆုံး ချွေးနဲစာပါ လက်ဝယ် မရရှိခဲ့ပါဘူး။ ဒီရက်အပိုင်းအခြား တွေမှာ ကျွန်မသည် ခင်ပွန်း ဖြစ်သူ နဲ့ ကလေးတွေရဲ့ နောက်ဆုံးခရီးကို လိုက်ပို့နေခဲ့တော့ ပစ္စည်းကို အာရုံမစိုက်မိခဲ့ပါဘူး။ ကိစ္စတွေပြီးတော့ နောက်နေ့ ကျမဟိုတယ်သွားတဲ့အချိန် ကျွန်မတို့၏ luggage အိတ်ထဲက အဝတ်အစား တချို့နဲ့ မိတ်ဆွေများဆီ လက်ဆောင်ပေးမယ့်ကျောက်စိမ်းပစ္စည်း အနည်း ငယ်သာ ပြန်ရရှိခဲ့ပါသည်။ တန်ဖိုးကြီးပစ္စည်း(ကျောက်စိမ်း)ကတော့ လက်ဝယ် ပြန်မရခဲ့ပါဘူးရှင့်။ ယခုလိုပြောနေရခြင်းသည် ကျွန်မ ဘက်မှ ပစ္စည်းတန်ဖိုး၊ ငွေကြေး တွေထက် ကျွန်မ ခင်ပွန်းဖြစ်သူ နောက်ဆုံး ရှာဖွေခဲ့တဲ့ ချွေးနည်းစာမို့ ကျွန်မ ဒါကိုပဲ လိုချင်ပါတယ်” ဟု မနှင်းနှင်းရွှေက ဆက်လက်ပြောဆိုသည်။

ဂရိတ်ဝေါဟိုတယ်ဘက်ကမူ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးကြရာတွင် မန္တလေးမြို့ Great Wall Hotel လည်း ပါဝင်ခဲ့ကြောင်း၊ ဂရိတ်ဝေါဟိုတယ်က မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့ အထိ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာတွင် အသက်ရှင်လျက်ကယ်ဆယ်နိုင်သူ ၉ ဦးနှင့် ကွယ်လွန်သူ ၁၆ ဦး ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top