မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာမှ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကြားကာလပညာရေး ကျောင်းကို မေ ၁၂ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ စာသင်ချိန်ဖြစ်ပြီး ပေါက်ကွဲမှုပြင်းထန်သဖြင့် မူလတန်းအရွယ် ကလေးငယ်များ အပါအဝင် ကျောင်းသူ/သား ၂၁ ဦး နှင့် ဆရာမ ၂ ဦးတို့ သေဆုံးကာ ၄၀ ကျော် ဒဏ်ရာ ပြင်းထန်ခဲ့ပြီး တချို့ အစအန ရှာမရသေးသူများလည်း ရှိသောကြောင့် သေဆုံးမှုထပ်တိုးလာနိုင်ကြောင်း ကူညီကယ်ဆယ်နေသူများက ပြောသည်။

အိုးတိန်တွင်းရွာ ဗုံးကြဲခံရအပြီး ချက်ခြင်းဆိုသလို သွားရောက်အကူအညီပေးခဲ့သည့် ကလေးမြို့နည်းပညာ အထက်တန်း ကျောင်းမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ် ရှားမှု(CDM) ပြုလုပ်ထားသူ ကထိက ဒေါ်ရတီအုန်းကို ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ အိုးတိန်တွင်း စာသင်ကျောင်း ဗုံးကြဲခံရချိန် ဆရာမက ဘယ်မှာရှိနေလဲ။

ဖြေ ။ ။ ကျမ မုံရွာမြို့ကို ရောက်နေချိန်မှာ ဗုံးကြဲခံရတဲ့ သတင်းထွက်လာပြီး အကူအညီတောင်းတဲ့ မက်ဆေ့ချ်တွေက တောက်လျှောက်ဝင်လာတယ်။ ကျမတို့က မြို့ခံမဟုတ်ပေမယ့် ဒီလိုကြားလိုက်တဲ့အချိန်မှာ အနည်းဆုံး သူတို့ ဈာပနမှာပဲ ကူခွင့်ပဲရရဆို ပြီး ဒုန်းစိုင်းမောင်းသွားခဲ့တာ။ ကျမတို့ရောက်နေတဲ့နေရာနဲ့ အဲဒီနေရာနဲ့က အတော် လေးလှမ်းတယ်။

မေး ။ ။ ဆရာမတို့ရောက်သွားတော့ ဘယ်လိုတွေ တွေ့မြင်ရလဲ။

ဖြေ ။ ။ ဖြစ်တဲ့နေရာကိုရောက်တော့ သေသူ ဒဏ်ရာရတဲ့သူတွေကို အသီးသီး သယ်ထုတ်ပြီးသွားကြပြီ။ ဆေးဝါး ကုသမှုခံဖို့အတွက် နေရာအနှံ့ခွဲလွှတ်လိုက်ပြီ။ ဈာပနအတွက်လည်း ပြင်ဆင်နေကြပြီဆိုတော့ လက်သန်းလေး၊ ခေါင်းခွံ၊ ဆံပင်၊ သွေးကွက်တွေ၊ ထန်းလက်အရွက်မှာ ပေနေတဲ့သွေးတွေ၊ စာသင်ခုံ၊ ထိုင်ခုံတွေအပေါ်မှာ ပေနေတဲ့သွေးတွေ အဲဒါတွေပဲတွေ့ခဲ့ရတယ်။ စာသင်ခုံတွေလည်း အပြင်မှာထုတ်ထားတယ်။ သွေးစွန်းနေတဲ့ လွယ်အိတ်တွေ၊ ဖိနပ်ပြတ်တွေ၊ ကွန်ပါဘူးတွေ၊ ကျောင်းဝတ်စုံအဖြူလေးတွေ တွေ့တယ်။

မေး ။ ။ အခုဗုံးပေါက်ကွဲမှုက ဘယ်လောက်ပြင်းထန်တယ်လို့ ပြောနိုင်မလဲ။

ဖြေ ။ ။ ကျောင်းပတ်ချာလည်မှာ ပေါက်ကွဲမှုအစအန ထိမှန်ထားတဲ့ကျင်းတွေ ရာချီတွေ့တယ်။ အရင် ကျမတို့တွေ့ဖူးတဲ့ ကျင်းတွေကတော့ လူ့ခါးလောက်နက်ပြီး အဝအကျယ် ၅ ပေ ပတ်ချာလည်လောက်၊ အချင်း ၅ ပေ လောက်ရှိတဲ့ကျင်းတွေ တွေ့ရတယ်။ အခုဒီဖြစ်စဉ်မှာတွေ့ရတဲ့ ကျင်းတွေကတော့ အဲဒီလိုပုံစံမဟုတ်ဘဲနဲ့ မြေပြင်ကနေပြီး တော့မှ တထွာတမိုက် အကွာ ပြတ်ပြီးတော့ လွင့်သွားတာတွေ့ရတယ်။ မြေကြီးပေါ်မှာလည်း တထွာပတ်လည်သာသာ ကျင်းတွေ အများကြီးတွေ့ ရတယ်။ စာသင်ကျောင်းရယ်၊ ဘေးက ဘုန်းကြီးကျောင်းထဲမှာရယ် အဲဒီလိုကျင်းတွေက အများ ကြီးတွေ့ရတဲ့အခါကျတော့ ဘယ်လိုလက်နက်အမျိုးအစားလဲဆိုတာ ကျမတို့ ခန့်မှန်းလို့မတတ်ဘူး။

မေး ။ ။ သေဆုံးထိခိုက်မှုတွေက ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါသလဲ။

ဖြေ ။ ။ မနေ့က ညနေပိုင်းအထိ ၂၂ ယောက်က လုံးဝကွယ်လွန်ပြီလို့ သတင်းထုတ်လို့ရတာပေါ့နော်။ ကျန်တဲ့ ကုသနေဆဲမှာ အခြေအနေ ဆိုးရွားပြင်းထန်တာတွေလည်း ရှိသေးတယ်။ ပြင်းထန်တဲ့ပေါက်ကွဲအားကြောင့် အစအနရှာ မတွေ့ သေးတာလည်း ရှိသေးတယ်။ အခု ကျမတို့ပြောတဲ့ ၂၂ ယောက်ဆိုတာက ရုပ်ဆင်းအင်္ဂါကို ဖော်လို့ရတဲ့၊ ဖမ်းလို့ရတဲ့ အနေအထားဖြစ်တယ်။

တအိမ်ထဲက ၃ ယောက် ပါသွားတာတွေလည်းရှိတယ်။ အကြီးမလေးက ကွယ်လွန် အငယ်မလေးက ဒဏ်ရာရသွားတယ်။ အဲဒီတော့ မိဘတွေရင်ထဲမှာ တဖက်ကလည်း နာရေးရှိတယ်။ တဖက်ကလည်း အသက်ကို လုနေရတယ်။ လူလိုခံစား တတ်တဲ့ သူတွေက ဒါကို ကိုယ်ချင်းစာနာလည်ပေးနိုင်တယ်။

အခုဟာက ကလေးသူငယ်တွေချည်း သီးသန့်ရှိနေတဲ့ စာသင်ကျောင်းကိုမှ ပစ်မှတ်ထားတာဆိုတော့ အကုန်လုံးက ကလေးသူငယ်တွေချည်းပဲ။ အဲဒီအထဲမှာ အကြီးဆုံးပါတာဆိုလို့ သင်ကြားရေးဝန်ထမ်း ဆရာမလေး ၂ ယောက်ပဲပါတယ်။ အဲဒီ ဆရာမလေး ၂ ယောက်ကလည်း ၂၀ ကျော် ၂၅ နှစ် မပြည့်ကြသေးတဲ့ အရွယ်တွေဆိုတော့ ကလေးတွေချည်းပဲ မြင်ရတဲ့အခါမှာ ကျမတို့ ပိုပြီးတော့မှ ထိခိုက်ခံ စားရတယ်။

သူတို့ရဲ့ မိခင်တွေကို ကျမတို့ စိတ်ပိုင်းခွန်အားပေးတယ်ဆိုတာထက် သူတို့ ငိုနေတာကို တိတ်တိတ် ဆိတ်ဆိတ်လေးပဲ နားထောင်ပြီးတော့မှ သူတို့နဲ့ထပ်တူခံစားရတယ်ဆိုတာကို ကျမတို့တွေ ရောပြီး မျက်ရည်ကျပေးရုံက လွဲလို့ ဘာမှမတတ်နိုင်ဘူး။

မေး ။ ။ သူတို့ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တွေကို ဆရာမ ဘယ်လိုကြားသိရလဲ။

ဖြေ ။ ။ လွတ်လာတဲ့ကလေးတွေကို ပြန်မေးကြည့်တဲ့အခါ ဆရာမတွေက ပြေးပြေးလို့ပြောတဲ့အချိန်မှာ ကျောင်းကြီးက မှောင်ကျသွားပြီ။ အဲဒါနဲ့ သားတို့လည်း ကြောက်အားလန့်အားနဲ့ ပြေးလိုက်တာ ဘာမှမသိလိုက်ဘူး။ နောက် လေယာဉ်ငြိမ် သွားတဲ့အချိန် ဝင်ကြည့်တော့ သားတို့သူငယ်ချင်းက ခုံပေါ်မှာမှောက်လျက်ကြီး။ အဲဒီအတိုင်းကြီး အသက်ထွက်နေတာ။ နောက်ပြီးတော့ စာသင်ခုံတွေကြားထဲမှာလည်း အလောင်းတွေရှိနေတော့ စာသင်ခုံတွေကို အရင်ဆုံး အပြင်ထုတ်လိုက်ရ တာဆိုတော့ သူတို့ စာသင်နေရင်းကိုပင် ခံလိုက်ရတာ။
ကျမတို့ ဗမာအယူအဆဆိုရင် ကလေးတွေအခုလည်း စာသင်နေကြမယ်ထင်တယ်။ သူတို့ကွယ်လွန်တယ်ဆိုတာ သူတို့သိပါ့မလား။ စာသင်ခန်းထဲမှာပဲရှိနေပြီး သူတို့ရဲ့ ပုံနှိပ်စာအုပ်လေးတွေမှာလည်း သွေးတွေစွန်းလို့၊ ကွန်ပါဖူးလေး တွေလည်း ပိန်ချိုင့်လို့။ အဲဒီလိုအနေအထားနဲ့ဆိုတော့ သူတို့ရှောင်တိမ်းဖို့ အချိန်မရလိုက်ဘူး။

ကွယ်လွန်သွားတဲ့ ဆရာမလေးက သူ့အတန်းချိန်ပြီးသွားပြီ။ ကလေးတွေအတွက် ပေးစရာစာရွက်လေးရှိလို့ အဲဒီအခန်းကို နောက်တခေါက် ပြန်လာတာ။ ပြန်လာတော့ အဲဒီစာရွက်လေးကိုပေးပြီး ကော်ရစ်တာမှာပဲ လမ်းလျှောက်နေတုန်း လေယာဉ်လာတာမြင်တော့ ကလေးတွေ ကို ပြေးပြေးလို့ ပြောလိုက်တဲ့အချိန်မှာ သူ့ကိုမှန်လိုက်တာတဲ့ သူ့ရဲ့ တပည့်မလေးက ပြောတယ်။ ဆရာမမှာ ခန္ဓာကိုယ် အောက်ပိုင်း မပါတော့ဘူးတဲ့။ အဲဒီကျောင်းသူကိုယ်တိုင်လည်း ဒဏ်ရာဒဏ်ချက်တွေနဲ့။

နောက်ထိခိုက်ဒဏ်ရာရတဲ့ ဆရာမတယောက်ဆိုရင် သူ့တကိုယ်လုံးမှာ သွေးတွေနဲ့ဆိုတော့ ကျမက စိတ်ပူပြီး ဘယ်နားမှာ ထိခိုက်တာလဲဆိုတော့ မဟုတ်ဘူးတဲ့ သူ့ကလေးတွေကို ကယ်ထုတ်ထားလို့တဲ့။ သူကတော့ လက်မှာပြဲထားတဲ့ အရာအကြီး ကြီးရှိတယ်။ အစအနတွေ မှန်ထားတာရှိတယ်။ အဲဒီလိုမျိုးဆိုတော့ ဗုံးပေါက်ကွဲတဲ့ပုံစံအရ ရှောင်လို့တိမ်းလို့ တော်တော် မလွယ်လောက်ဘူး။ အစအနမှန်ထားတာတွေ ပွစာကြဲပြီးတော့မှ ဟိုးဘက်ခပ်လှမ်းလှမ်းမှာရှိတဲ့ ထန်းပင်တွေပါ ပြတ်ထွက်တာဆိုတော့ ကလေးတွေက စာသင်ရင်း အုံးကနဲကြားလိုက်တယ်၊ ဗြုန်းကနဲ သူတို့ အသက်ထွက်သွားတဲ့ အနေအထားရှင့်။

မေး ။ ။ လွတ်လာတဲ့သူတွေနဲ့ ကျန်ခဲ့တဲ့မိဘတွေအနေနဲ့ ဘယ်လောက်တောင် စိတ်ထိခိုက်တုန်လှုပ်နေလဲ

ဖြေ ။ ။ ဒီအဖြစ်အပျက်ကို ပြန်ပြောတဲ့အခါမှာ သူတို့မျက်လုံးတွေက အလုပ်မလုပ်တော့ဘူး။ ခန္ဓာကိုယ်ကလည်း တအားနွမ်းဖက်ပြီးတော့မှ စိတ်ထဲမှာ ဒဏ်ရာတခုခု ကျန်ခဲ့ပြီလို့ထင်တယ်။ အမကြီးတယောက်ဆိုရင် ဗုံးကြဲသွားတော့ ကျောင်းကိုအပြေးလာပြီး အဲဒီကျောင်းဝန်းထဲကို သူလှမ်းကြည့်ကြည့်ချင်းမှာပဲ ဆင်းတဲ့လှေခါးမှာတင် သူ့သမီးရဲ့ အပေါ် ခြမ်းပေါ့နော် မြင်လိုက်ရတော့ တခါတည်းကို ခုန်ပေါက်ပြီးပြေးတာ။ အမယ်လေး ငါ့သမီး ငါ့သမီးဆိုပြီး ငိုလည်းမငိုနိုင်ဘဲနဲ့ စိတ်လွတ်ခုန်ပေါက်ပြေးနေတာ။ မြေချတဲ့အချိန်မှာလည်း ငိုကြတဲ့အသံတွေ၊ ခံစားချက်တွေ သူတို့ ဘယ်လိုမှ လက်မခံနိုင် ပေမယ့်လည်း ဒီဟာကို လက်ခံလိုက်ရတဲ့အနေအထား။

မေး ။ ။ ဒဏ်ရာ ရရှိသူတွေလည်းများတော့ ဆေးဝါကုသပေးနိုင်မှုအပိုင်းရော ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ အရင်ဆုံး ကျမတို့က ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတဲ့နေရာကို အရင်ဝင်လိုက်တယ်။ အဲဒီနေရာမှာ လူမျိုးပေါင်းစုံလို့ပြောရမယ်။ အားလုံးပြာယာခတ်ပြီး အောက်ဆီဂျင်အိုးတွေသယ်ကြ၊ အကုန်လုံးယောက်ယက်ခတ်ပေါ့။ ဆေးအဖွဲ့က လည်း လက်လှမ်းမီပြီး လာလို့ရတဲ့ နေရာပေါင်းစုံက ရောက်လာကြတယ်။ နောက် သပိတ်အဖွဲ့ကလို့ ယူဆရတဲ့ လူငယ်တွေ ကလည်း ရေသန့်တို့၊ မုန့်တို့၊ Royal D တို့၊ အအေးတို့ အဲဒါတွေကို လိုလေသေးမရှိ။ နောက် သွေးဆိုသွေး တောက်လျှေက် အရန်သင့်စောင့်ပြီးတော့မှ သွေးလိုလား၊ ကျနော်တို့ ဘာသွေးအုပ်စုပေါ့၊ ပူးပေါင်း ပါဝင်ကြတယ်။ ကားတွေဆိုရင်လည်း တောက်လျှောက်ရောက်လာပြီးတော့ ဘယ်ကိုလွှဲရမလဲ၊ ဘယ်ကိုပို့ရမလဲ။ ဒါမျိုး ဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်ကြတယ်။

မေး ။ ။ စစ်ကောင်စီက သူတို့မလုပ်ကြောင်း ငြင်းဆိုတဲ့အပေါ် ဘာပြောချင် ပါသလဲ။

ဖြေ ။ ။ ဘယ်လိုပဲငြင်းငြင်းပါ၊ ဒီလူတွေ အုံးလိုက်ကျင်းလိုက် သေသွားတာကို ပူးပေါင်းကြံစည် လိမ်လည်လို့ရမှာ မဟုတ်ဘူး။ သက်သေခံပစ္စည်းတွေက ရထားပါတယ်။ ဒါပေမယ့် ဘာရယ်လို့တော့ ကျမထုတ်ဖော်မပြောချင်ဘူး။ နောက်ပြီး ကျောင်းဆိုတာကို သူတို့သိကိုသိတယ်။ လေယာဉ်က ပထမတခါဖြတ်ပျံသွားတယ်။ ကလေးတွေက အရင်ကလိုပဲ ဒီတိုင်း ဖြတ်ပျံတာမှတ်လို့ မပုန်းကြတာ။ နောက်တခါ ပြန်ကွေ့လာတဲ့အချိန်ကျကာမှ ပြေးဆိုပြီးတော့ ပြေးခိုင်းကြတာ။ အဲဒီတော့ သူတို့က ရည်ရွယ်ချက်ရှိရှိ တမင်သိသိကြီးနဲ့လုပ်တာပါ။

မေး ။ ။ စစ်ကောင်စီနဲ့ ထောက်ခံအားပေးတဲ့သူတွေက အကြမ်းဖက်တွေနဲ့ ဆက်နွယ်လို့ တိုက်ခံရတာဆိုတာမျိုး ထောက်ပြပြောဆိုနေကြတဲ့အပေါ်ရော ဘာများပြောချင်ပါသလဲ။

ဖြေ ။ ။ သူတို့ဘက်ကတော့ အကြောင်းမရှိအကြောင်းရှာမှာပဲ။ ကျမတို့ရဲဘော်တွေဘက်ကလည်း ဖြစ်တဲ့အချိန်မှာ အရေးပေါ် ပြေးသွားရတဲ့အခြေအနေမှာ ဒါကြီးကို(ယူနီဖောင်း) တကူးတကလဲသွားဖို့လည်း သူတို့စိတ်ထဲရှိမှာမဟုတ်ဘူး။ လူ့အသက်ကို ရအောင်ကယ်ကြမယ်ဆိုတဲ့အချိန်မှာ ဒါကိုလည်း သူတို့ ထည့်စဉ်းစားကြမယ်မထင်ဘူး။

ဒီလိုဖြစ်တဲ့အချိန်မှာ သူတို့မှ ကယ်ဆယ်ရေးမလုပ်ရင် ဘယ်သူလုပ်ကြမှာလဲ။ ဒီရွာခံ မိဘပြည်သူတွေအနေနဲ့က သူတို့ ဘာမှ မစီစဉ်နိုင်တော့ဘူး။ မိဘတွေက ဟိုလွယ်အိတ်လေး ပြေးဆွဲလိုက်၊ ကွန်ပါဖူးလေးပြေးကိုင်လိုက်နဲ့ ဘာမှမလုပ် နိုင်ကြဘူး။

တချို့ကလေးတွေက ကြောက်အားလန့်အားနဲ့ ပြေးလိုက်ကြတာ ကျောင်းအပြင်ဘက် ရေကန်တွေ၊ လယ်ကွင်းတွေဘက် ရောက်ကုန်တော့ သူ့ကလေးက ဘယ်မှာလဲ၊ ငါ့ကလေးက ဘယ်မှာလဲ ဖြစ်နေကြတော့ သေဆုံးသူတွေဆွဲထုတ်ဖို့၊ ဒဏ်ရာရ တဲ့သူတွေကို အချိန်မီ ဆေးရုံဆေးခန်းပို့ဆောင် ချိတ်ဆက်ပေးဖို့ဆိုတာ သူတို့မှမလုပ်ရင် မရဘူး။ အုပ်စုဖွဲ့ပြီး အလုပ်လုပ် တတ်ဖို့၊ ညွှန်ကြားချက်ကို တိတိကျကျလိုက်နာဖို့က သူတို့ပဲရှိတာ။

အခု အနေအထားတောင်မှ အလောင်းတွေကောက်ဖို့ စာသင်ခုံတွေ အရင်ထုတ်ရတဲ့အခြေအနေမှာ မိဘတွေအားလုံးက ငါ့သား ငါ့သမီး လိုက်ရှာတယ်။ သူတို့ စိတ်ခံစားချက်တွေ ကို မထိန်းနိုင်ကြဘူး။ အဲဒီတော့ ရဲဘော်တွေကပဲ ဒီခုံတွေကိုအပြင်ထုတ်၊ သွေးသံရဲရဲဖြစ်နေတဲ့ ခန္ဓာကိုယ်စိတ်အပိုင်းတွေကို ဘယ်မိဘကမှ မကြည့်ရက်ဘူး။ အဲဒါတွေအကုန်ကို ရဲဘော်တွေက အပြင်ဆွဲထုတ်ကြရတယ်။

ပြီးတော့ သွေးလိုတယ် လှူမယ်ဆိုရင်လည်း သူတို့က ပြည်သူတွေထက် သွေးအုပ်စုတွေလည်း သိကြတယ်။ နောက်ပြီး သူတို့မှာ လိုအပ်တဲ့ အခြေခံစစ်ဆေးမှုတွေက လုပ်ထားပြီးသားဆိုတော့ အလွယ်တကူ သွေးလှူလို့ရတယ်။ အဲဒီအတွက် ကြောင့်မို့ သူတို့ကို မြင်မြင်နေရတာပေါ့။ တဖက်ကလည်း အောက်တန်းကျကျနဲ့ ဒါမျိုးကိုထောက်ပြတယ်။ အဲဒီလိုထောက် ပြလို့ ရဲဘော်တွေသာလာမကူရင် ဒီထက်ဆုံးရှုံးမှုများမှာ။

မေး ။ ။ အခုလိုကာလမှာ ကလေးတွေ ပညာသင်ရတာ ဘယ်လောက်ထိစိန်ခေါ်မှုကြီးနေလဲ။ ရှေ့ဆက်ပြီး ဘေးကင်း လုံခြုံစွာနဲ့ ပညာသင်ယူနိုင်ဖို့ ဘာတွေလုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ စိန်ခေါ်မှုကတော့ အသက်ဘေးထိတောင်ရှိတာပေါ့နော်။ အဲဒီလိုရှိနေတဲ့အခါကျတော့ လောလောဆယ် NUG ပညာရေးဝန်ကြီးဌာနက ဒီစာသင်ကြားတာတွေကို အခြေအနေအရ ခေတ္တရပ်နားထားဖို့ ညွှန်ကြားလာတယ်။ ကျမတို့အနေနဲ့ ကလေးတွေကို ပညာသင်ကြားမှု လုံးဝရပ်ပစ်လိုက်မလား၊ ဒါမှမဟုတ် ဘေးကင်းလုံခြုံအောင် စီမံကြမလား၊ အဲဒီအတွက် ပြင်ဆင်နေတယ်။ ကျမတို့ကတော့ အသက်ကလည်း အရေးကြီးတယ်။ ဒါပေမယ့် အဲဒီအသက်ရှင်ရပ်တည်ဖို့ရာအတွက် လိုအပ်တဲ့ပညာသင်ကြားဖို့ လိုအပ်ပါတယ်။ ပညာလို့ဆိုရာမှာအတန်းပညာချည်း ဆိုလိုတာမဟုတ်ဘဲနဲ့ သူတို့ ခြေထောက် ပေါ် သူတို့ရပ်နိုင်တဲ့ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားဖို့အတွက် ကျမတို့ သေချာစီမံကိန်းချပြီး တော့မှ ဆောင်ရွက်ဖို့လိုနေပြီလို့ ပြောချင်ပါတယ်။

မေး ။ ။ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ စစ်ကောင်စီကို ဘာများပြောချင်ပါသလဲ။

ဖြေ ။ ။ စစ်ကောင်စီကတော့ စစ်ကိုင်းငလျင်ကြောင့် အလှူငွေတွေ တော်တော်များများရထားတယ်။ အဲဒီအလှူငွေတွေ ကိုများ လူသတ်လက်နက်အဖြစ် ပြောင်းလဲသုံးစွဲနေလားလို့ သံသယဝင်မိတယ်။ နောက် ဒီလိုမျိုးလူမဆန်တာတွေကို ကျုးလွန်ဖို့အတွက် သူတို့က လက်ယဉ်ပါးနေတယ်။ အဲဒီအတွက် ကျမတို့ဘက်က ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆင်ခြင်ပြီးတော့ သတိကြီးကြီးထားပြီး ဆောင်ရွက်ပါမယ်။ ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက ဒီလိုအဖြစ်တွေ ဖြစ်လာတိုင်းမှာ စစ်အာဏာရှင် ပြိုပျက်သွားအောင် မလုပ်နိုင်သမျှ ဒါမျိုးတွေက ပုံစံတူခံစားနေရဦးမှာပဲ။ အဲဒီလို ပုံစံတူခံစားနေရတာတွေ ကင်းဝေးအောင်၊ အမြစ်ပြတ်အောင် အရင်ကထက်အားစိုက်ပြီးတော့ ကြိုးစားသွားပါမယ်။ အဲဒီအတွက်လည်း ကျမတို့ ကတိသစ္စာပြုပါတယ်။

Photo: အိုးတိန်တွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများ

Leave a Comment