စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က မေလ ၁၂ ရက် မနက်ပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၂၀ နဲ့ ဆရာမ ၂ ဦး၊ စုစုပေါင်းလူ ၂၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော်ရှိကြောင်း ဒေသခံများထံက သိရပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ပတ်သတ်ပြီး အာဏာသိမ်းစစ်ကောင်စီက ၄င်းတို့လက်ချက်မဟုတ်ကြောင်း မေလ ၁၂ ရက်နေ့ ညပိုင်းမှာ MRTV အပါအ၀င် ၀ါဒဖြန့်မီဒီယာတွေကနေ သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်က ငြင်းဆိုပေမယ့် စစ်တပ်ထောက်ခံသူတွေဖြစ်တဲ့ ကျော်စိုးဦးနဲ့ သဇင်ဦးတို့ကတော့ အိုးထိန်းကွင်းရွာစာသင်ကျာင်းကို စစ်တပ်ဗုံးကြဲခဲ့တာဖြစ်ကြောင်း လူမှုကွန်ရက်မှာ ရုပ်သံဖိုင်နဲ့တကွ ပြောဆိုခဲ့ပါတယ်။