လက်လုပ် သေနတ်သာပါရှိသည့်အပြင် ဒေသခံများရှိနေ၍ ခုခံခြင်းမပြုနိုင်ဘဲ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်

မြင်းမူမြို့တွင် PDF တပ်ဖွဲ့၀င် ၂၅ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ် ၊ လက်လုပ် သေနတ်သာပါရှိသည့်အပြင် ဒေသခံများရှိနေ၍ ခုခံခြင်းမပြုနိုင်ဘဲ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူ-မြောင်လမ်းမပေါ်တွင် ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက PDF တပ်ဖွဲ့၀င် ၂၅ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ် ဖြတ်ခဲ့ ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၃ ရက် မနက်အစောပိုင်းတွင် မြင်းမူမြို့နယ်၊ ‌ခြေတော်ရွာကိုအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိမ်းရှောင်ရင်း မြင်းမူ -မြောင်လမ်းမ ပေါ်တွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ကာ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရ ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

“ဒေသခံတွေကလည်းပြေးကြတဲ့အချိန် စစ်ကြောင်းကနေ ဖဲ့ထွက်ပြီး စစ်ကောင်စီ တပ်သားခြောက်ကောင်က အဲဒီလမ်းမပေါ်မှာ စစ်နေတာ။ ရှောင်ဖို့သွားတဲ့အချိန် လမ်းမှာတွေ့ပြီးမိတာ။ နေရာတင်ပစ်သတ်ထားခဲ့ကြတယ်” ဟု မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM)မှ ကိုနွေဦးကပြောသည်။

စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသည့် ကာကွယ်ရေးတပ်ဖွဲ့၀င်များတွင် ပြန်လည် ခုခံရန် လက်နက်လုံလောက်စွာမပါရှိဘဲ လက်လုပ်သေနတ်အနည်းငယ် သာပါရှိပြီး ဒေသခံပြည်သူများလည်းရှိနေသည့်အတွက် ခုခံခြင်းမပြုနိုင်ဘဲ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

“ငုတ်တုတ်ကြီး အသေခံလိုက်ကြရတာပါ။ ဘာမှပြန်မလုပ်နိုင်ခဲ့ဘူး။ သူတို့မှာ လက်လုပ်သေနတ် နည်းနည်းပဲပါကြတာ။ လက်နက်လုံလောက်အောင် မရှိကြဘူး။ ရှေ့သုံးယောက် နောက်သုံးယောက်ကပိတ်ပြီး စစ်တဲ့ အင်အားနည်းနည်းလေးကို ခံလိုက် ရတာပါ။ ခုကျွန်တော်တို့ အဲဒီစစ်ကြောင်းကို လိုက် တိုက်ခိုက်ခဲ့ပါတယ်”ဟု ကိုနွေဦးကပြောသည်။

ယင်းသို့ သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းကို မြောင်မြို့ နယ်ကာကွယ်ရေးတပ်ဖွဲ့၀င်တွေက လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါး ဦးသေဆုံးပြီး လေး ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးသတ်ဖြတ်မှုကို ပြုလုပ်ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းသည် မန္တလေး-မုံရွာ လမ်းပေါ်ရှိ မြင်းမူနယ် ဘိုးမင်းကြီးကင်းမှ ထွက်လာသည့် အင်အား ၃၀ ကျော်ပါ စစ်ကြောင်းဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီအချိန်တွင် မြင်းမူနယ် ကြော့မင်းရွာကို ၀င် ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြော့မင်းရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခများနှင့် PDF တပ်ဖွဲ့၀င်များကို မြင်းမူ- မြောင်လမ်းမပေါ်မှာ ပိတ်ဆို့စစ်ဆေးဖမ်းဆီး သတ် ဖြတ်ခဲ့ခြင်းဖြစ်‌သည်ဟု ကိုနွေဦးက ဆိုသည်။

သတ်ဖြတ်ခံရသူများမှာ ‌Black Eagle MMU အဖွဲ့၊ မြင်းမူ ပကဖအဖွဲ့နှင့် မြောင်(MRA)တပ်ဖွဲ့မှ ရဲဘော်များဖြစ်ပြီး ဒေသခံအချို့လည်း သတ်ဖြတ်ခံထားရကြောင်း သိရပြီး သေဆုံးသူအရေအတွက်ထပ်မံတိုး နိုင်သည်ဟု ဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *