လေယာဉ်ဖြင့် ဗုံးကျဲမည့် အန္တရာယ် သိရှိနေသော်လည်း ပြည်သူ့အောင်ပွဲအတွက် တစ်ပြည်လုံး စိတ်အား တက်ကြွစေရန်နှင့် ပြည်သူ့ရဲဘော်များကို ထောက်ခံကြောင်းပြသသည့်

မိုးကုတ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမည့် အန္တရာယ် သိရှိနေသော်လည်း ပြည်သူ့အောင်ပွဲအတွက် တစ်ပြည်လုံး စိတ်အား တက်ကြွစေရန်နှင့် ပြည်သူ့ရဲဘော်များကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် လမ်းပေါ်ထွက် သောင်းသောင်းဖျဖျကြိုဆိုပြဟုဆို

မိုးကုတ်မြို့နယ်တစ်ခုလုံးကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမည့် အန္တရာယ်များရှိနေကြောင်း သိရှိသော်လည်း ပြည်သူ့အောင်ပွဲအတွက် တစ်ပြည်လုံး ပြည်သူများ စိတ်အား တက်ကြွစေရန်နှင့် ပြည်သူ့ရဲဘော်များကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ပြည်သူအားလုံး လမ်းပေါ်ထွက်၍ တော်လှန်ရေးရဲဘော်များကို သောင်းသောင်းဖျဖျ ကြိုဆိုပြသခြင်းဖြစ်ကြောင်း မိုးကုတ်ပြည်သူတချို့က ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့ မိုးကုတ်မြို့နယ်တစ်ခုလုံးကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် လိုက်ပြီးနောက် စစ်ဘေးရှောင်ခြင်းမရှိဘဲ မိုးကုတ်မြို့တွင် ကျန်ရစ်နေခဲ့ကြသည့် ထောင်ပေါင်းများစွာသော ပြည်သူလူထုက လမ်းမပေါ်ထွက်၍ အောင်သပြေများဖြင့် တော်လှန်ရေးရဲဘော်များကို အိုးစည်၊ ဗုံမောင်းတီး ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

“စစ်ခွေးတွေက လေယာဉ်နဲ့ ကျနော်တို့မြို့ကို လာပြီး ဗုံးကျဲမှာ၊ ဖျက်ဆီးမှာ ကျနော်တို့လည်း စိုးရိမ်တာပေါ့။ ဒါပေမယ့် တော်လှန်ရေးရဲဘော်တွေတောင် အသက်ပေးပြီး တိုက်ခဲ့လို့ မိုးကုတ်မြို့ကြီးတောင် ပြည်သူ့လက်ထဲ ပြန်ရောက်တာ။ ကျနော်တို့ အတင်းတွေကြောက်ပြပြီး အိမ်ထဲနေရမလား၊ ဒီလို အောင်မြင်မှုရဖို့ အားလုံးတောင့်တခဲ့ကြတာ။ အဲဒါကြောင့် ရဲဘော်တွေကို ထွက်ကြိုတာ။ လေယာဉ်နဲ့ ဗုံးကျဲလို့ ကျနော်သေရမယ်ဆိုရင်လည်း သေပျော်ပြီ။ အားလုံးညီညွတ်ရင် ဒီစစ်ခွေးတပ်ဆိုတာကြီးကို နှိမ်နင်းနိုင်တယ်ဆိုတာ မိုးကုတ်မြို့က ပြသလိုက်တာလေ။ သမိုင်းဝင်ဖြစ်သွားပြီ” ဟု မိုးကုတ်မြို့နယ်အရှေ့ပိုင်းမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

မိုးကုတ်မြို့နယ် အနောက်ပိုင်းမှ ပြည်သူတစ်ဦးကလည်း မိုးကုတ်မြို့မှ ပြည်သူများအနေဖြင့် တော်လှန်ရေးရဲဘော်များကိုကြိုဆိုကြရန် တိုင်ပင်ခြင်းမရှိဘဲ ပြည်သူအသီးသီးက လမ်းပေါ်တွင် အောင်သပြေများ၊ အိုးစည်၊ ဗုံမောင်းများဖြင့် ကြိုဆိုခဲ့ကြခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“မနက်ပိုင်းလောက်မှာကတည်းက သေနတ်သံတွေတိတ်သွားတယ်။ လက်နက်ကြီးသံ တစ်ချက်တစ်ချက် ကြားရတယ်။ လေယာဉ်သံကြားရတယ်။ စိတ်ထဲမှာတော့ ငါတို့ မိုးကုတ်မြို့ လွတ်မြောက်သွားပြီလားဆိုပြီး အတွေးတော့ စဝင်လာတယ်။ နေ့လယ်နဲ့ မွန်းလွဲပိုင်းရောက်တော့ ဘာတိုက်ပွဲသံမှ မကြားရတော့ဘူး။ အဲဒါနဲ့ မိုးကုတ်မြို့မှာ စစ်မရှောင်ဘဲ ကျန်ခဲ့တဲ့ ပြည်သူတွေက တစ်ဦးစ၊ နှစ်ဦးစ လမ်းပေါ်တွေထွက်ပြီး အချင်းချင်းစကားပြောကြ၊ နောက်ဆုံးမိုးကုတ်မြို့ ကြီးတစ်ခုလုံး လွတ် မြောက်ပြီဆိုတာ သိရတာ။ ဒီရဲဘော်တွေကို ထွက်ကြိုတယ်ဆိုတာကလည်း မတိုင်ပင်ထားဘူး။ ပြည်သူတွေအားလုံးက ကိုယ့်အသိစိတ်နဲ့ကိုယ် လမ်းပေါ်ထွက်နေကြရင်းနဲ့ ထွက်ကြိုကြတာ။ ဒီလောက် လူတွေ ရာထောင်ချီစုပြုံသွားတာပဲ။ အရမ်းပျော်တယ်။ မြန်မာတစ်ပြည်လုံးက ပြည်သူတွေကို အန်တီတို့လိုပဲ ပျော်စေချင်တယ်။ အန်တီတို့ ထွက်မကြိုတော့ရော စစ်တပ်က လေယာဉ်နဲ့ ဗုံးမကျဲတော့ဘူးတဲ့လား။ ကျဲမှာပဲ။ သူတို့က ဘယ်တုန်းမှ ပြည်သူကို ငဲ့ညှာတာမဟုတ်ဘူး။ အဲဒါကြောင့် ထွက်ကြိုပြတာ” ဟု မိုးကုတ်မြို့ခံ အသက် ၅၇ နှစ်ရှိ အမျိုးသမီးကြီးတစ်ဦးက ရှင်းပြသည်။

မိုးကုတ်မြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲဖျက်ဆီးမည်ကို မိုးကုတ်မြို့မှ ပြည်သူများအားလုံးက စိုးရိမ်ကြသဖြင့် ဗုံးခိုကျင်းများ၊ ဗုံးဒဏ်ခံနိုင်မည့် အခိုင်အမာရှိသော နေရာများတွင် နေထိုင်ကြရန် အချင်းချင်း သတိပေးမှုများ ရှိကြောင်း၊ ပြည်သူများအနေဖြင့် အစစအရာရာ ကြိုတင်ပြင်ကြရန် နားလည်ကြကြောင်း မိုးကုတ်ပြည်သူတချို့က ပြောဆိုကြသည်။

ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ မိုးကုတ်မြို့နယ်ကို စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် မိုးကုတ်အနောက်ပိုင်းတစ်ခုလုံးကို TNLA က သိမ်းပိုက်ခဲ့ကြောင်း ၊ ဇွန်လ ၂၅ ရက်နေ့ မှစတင်ပြီး TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက မိုးကုတ်မြို့နယ် အနောက်ပိုင်းတွင် စတင် ထိုးစစ်ဆင်ခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၂၆ ရက်နေ့တွင် မိုးကုတ်မြို့နယ် အနောက်ပိုင်း၊ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတိုအား အသီးသီးသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် မိုးကုတ်ကျပ်ပြင်ရဲစခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့တွင်ပင် မိုးကုတ်မြို့ အနောက်ပိုင်း စစ်ကောင်စီ၏ အောင်သာယာနှင့် အာကာမိုး တပ်စခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ စစ်ရေးအနေအထားအရ မိုးကုတ်မြို့ အနောက်ပိုင်းတစ်ခြမ်းလုံးကို ဇွန်လ ၃၀ ရက်နေ့တွင် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ဇွန်လ ၃၀ ရက်နေ့မှစတင်၍ ဇူလိုင်လ ၂၄ ရက်နေ့အထိ မိုးကုတ်မြို့နယ် အရှေ့ပိုင်းရှိ စစ်တပ်ဗျူဟာကုန်း၊ အပေါ်ရဲစခန်း ၊ အချုပ်ထောင်၊ တောင်ပေါ် စေတီကင်းစခန်း၊ မြို့ပတ်လည် ကင်းစခန်း၊ လယ်ဦး၊ အေးစေတီ၊ ကျောက်သင်္ဘောတောင်၊ ပတ္တမြားစေတီတောင်၊ ချမ်းမြေ့သာယာတောင်၊ ကချင်ပန်းမ၊ ဗမွန်ရွာ ကင်းစခန်း အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများကို တောက်လျှောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် မိုးကုတ်အရှေ့ပိုင်းတစ်ခုလုံးကို သိမ်းပိုက်ရရှိကြောင်း၊ ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၂၄ ရက်နေ့အထိ ၁ လတာ ကာလအတွင်း မိုးကုတ်တစ်မြို့နယ်လုံးကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗီဒီယို- ကိုစိုးသူရဇော်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *