ဆီမီးခုံမြို့တွင် အင်္ဂုလိဟုခေါ်သည့်စစ်သားတစ်ဦး၏ လက်နက်အား PDFများနပန်းလုံးလုယူ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် သေနတ်နှင့်ကျည်များ သွားလေရာလွယ်ထား၍ အင်္ဂုလိဟုခေါ်ဆိုကြသည့် စစ်ကောင်စီတပ်သားတစ်ဦး၏ လက်နက်အား PDF များက နပန်းလုံးလုယူခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီဝန်းကျင်က ဆီမီးခုံမြို့၊ ရဲစခန်းနှင့်မနီးမဝေးတွင် သေနတ်နှင့်ကျည်များ သွားလေရာလွယ်ထား၍ အင်္ဂုလိဟုခေါ်ဆိုသူ စစ်ကောင်စီတပ်သားတစ်ဦးအား စတင်ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ကျည်ကာပါနေ၍ ၎င်းတပ်သားအား အလွတ်ဝင်လုံးကာ သေနတ်လုယူခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၁)၏ တာဝန်ရှိသူက ပြောသည်။

“ဒီကောင်က ဖိုးဝီးကားနဲ့စျေးလာတယ်။ ကွမ်းဝယ်ထုပ်တယ်။ အမြဲတမ်း 40 အတွဲကြီးတွေ ကိုင်လာတာ။ 40 ကြီးလွယ်ပြီး အင်္ဂုလိဆိုပြီး နာမည်ကြီးနေတာ။ ရင်ဘတ်နှစ်ချက်ပစ်တော့ ကျည်ကာပါတော့ ဆီးပုံးနှစ်ချက်ထပ်ပစ်တယ်။ စခန်းနဲ့ကိုမဝေးဘူး။ လှမ်းခေါ်ရင်ကြားရတယ်။ နည်းန​ည်းလေး မိုက်ရူးရဲဆန်ပြီးကိုလုပ်ခဲ့တာ။ နပန်းလုံးပြီး လုခဲ့တာ။”ဟု မြင်းခြံခရိုင်တပ်ရင်း (၁)၏ တာဝန်ရှိသူက ပြောသည်။

ထို့နောက် သေနတ်အားရရှိခဲ့ပြီးနောက် PDF ရဲဘော်များ ဆုတ်ခွာခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

ထိုသို့ လုပ်ဆောင်မှုကို ငါန်းဇွန်ဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း (၁) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆီမီးခုံမြို့သည် စစ်ကောင်စီတပ်အင်အားအများအပြားဖြင့် တပ်စွဲထားပြီး မြင်းခြံမြို့နယ်အပြင် မြစ်တဖက်ကမ်းစစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဘက်ခြမ်းပါ စစ်ကြောင်းထိုးမီးရှို့နေသော စစ်အုပ်စုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်သားထံမှ PDF များက သေနတ်ဝင်လုနေစဥ်။ ဓာတ်ပုံ-မြင်းခြံခရိုင်ရင်း -၁)


Comments

Leave a Reply

Your email address will not be published. Required fields are marked *