စစ်ခေါင်းဆောင်ဟောင်းများ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရ

နေပြည်တော် စစ်ကောင်စီသည် အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ၎င်း၏ အကြီးတန်း စစ်ခေါင်းဆောင်ဟောင်းများကို မကြာသေးမီက စပြီး တင်းကျပ်စွာ စောင့်ကြည့်နေကြောင်း အဆိုပါ ကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။

သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ထိပ်တန်းခေါင်းဆောင်ဟောင်းများ၏ နေအိမ်များကို စောင့်ကြည့်ရန် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က နေပြည်တော်ရှိ သူ၏ တပ်များကို ညွန်ကြားခဲ့ကြောင်း သတင်းရင်းမြစ် ၂ ခုက အတည်ပြုသည်။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ၂ ဦးဖြစ်သူ ဦးသန်းရွှေ၊ ဦး မောင်အေးနှင့် သူရရွှေမန်းအပါအဝင် အဆင့်မြင့်ခေါင်းဆောင်များ၏ အိမ်များသို့ လာရောက်သည့် ဧည့်သည်များကို စစ်ကောင်စီတပ်များက ကန့်သတ်ထားသည်ဟု ထိုသတင်းရင်းမြစ်များ ပြောသည်။

တရုတ်အစိုးရ၏ နိုင်ငံခြားဆက်ဆံရေးအခြေခံမူ ၅ ချက်ဖြစ်သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ဦးသိန်းစိန် သွားရောက်အပြီး ရက်အနည်းငယ်အကြာတွင် ၎င်းတို့ စောင့်ကြည့်ခံနေရခြင်းဟု ဧရာဝတီက နားလည်သည်။ ထိုခရီးစဉ်တွင် ဦးသိန်းစိန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်လည်း အလွတ်သဘော တွေ့ဆုံခဲ့သည်။

ခရီးစဉ်အပြီးတွင် “ဝမ်ယိသည် မင်းအောင်လှိုင်ကို အာဏာလွှဲပြောင်းပေးပြီး ရွေးကောက်ပွဲအတွက် လမ်းခင်းပေးရန်အတွက် ကြားဖြတ်အစိုးရဖွဲ့ရေး ဦးသိန်းစိန်အား စည်းရုံးရန်” ပြောဆိုခဲ့ကြောင်း သတင်းရင်းမြစ်တခုက CNA သို့ ပြောကြားခဲ့ကြောင်း သတင်းဖော်ပြသည်။

ဦးသိန်းစိန်သည် လက်ရှိစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ ခရီးစဉ်အပြီး ပြန်လည်အစီရင်ခံရသည်။

ထို့နောက် ၁၀ ရက်အတွင်း တရုတ်နိုင်ငံသည် စစ်ကောင်စီ ဒုခေါင်းဆောင် နှင့် ကြည်းတပ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တရုတ်သို့ဖိတ်ခေါ်သည်။ ထိုအချိန်မှစတင်ပြီး ထိုခရီးစဉ်များ၏ ရည်ရွယ်ချက်နှင့် အရေးပါမှုနှင့်ပတ်သက်သည့် ခန့်မှန်းချက်များ၊ ကောလာဟလများ ပျံ့နှံ့နေသည်။ မင်းအောင်လှိုင် ဖယ်ရှားခံရပြီး တန်ပြန်အာဏာသိမ်းမှု ဖြစ်တော့မည်ဆိုသည့် သံသယများ ဖြစ်လာသည်။

သမ္မတဟောင်း၏ မကြာသေးမီက တရုတ်ခရီးစဉ်သည် လက်ရှိ စစ်အစိုးရခေါင်းဆောင်များ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သံသယများ တိုးလာစေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

“အဲဒီအချိန်ကစလို့ သူက တခြားသူကို မယုံကြည်တော့ဘူး၊ ဖယ်ရှားခံရမှာကို ကြောက်တယ်” ဟု သတင်းရင်းမြစ်တခုက ဆိုသည်။

ယခု လုံခြုံရေး အပြောင်းအလဲများအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတ ရာထူးမယူခင် ရက်ပိုင်းအလို ပြုလုပ်ခဲ့သည်။ သမ္မတ ရာထူးယူခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဘဲ လူထုနှင့် စစ်တပ်လိုလားသူများကြားတွင်ပင် ဒေါသ ထွက်ကာ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများ ထွက်ပေါ်လာသည်။

၂၀၀၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းနှင့် မြေးများ၊ သမီးနှင့် သားမက်တို့ကို အာဏာသိမ်းရန် ကြိုးပမ်းမှု နှင့် လက်နက်ကိုင် အင်အားစုများ ခွဲထုတ်ရန် ကြိုးပမ်းကြောင်း စွဲချက်များဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ် ချခဲ့ဖူးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *