အင်ဖာထောင်ထဲတွင် မြန်မာဒုက္ခသည် ၅၂ ဦးက စစ်ကောင်စီထံ ပြန်လည် ပို့ဆောင်ခြင်းမပြုရေး အစာငတ်ခံ ဆန္ဒဆက်ပြ

မဏိပူရပြည်နယ်၊ အင်ဖာထောင်ထဲတွင် မြန်မာဒုက္ခသည် ၅၂ ဦးက စစ်ကောင်စီထံ ပြန်လည် ပို့ဆောင်ခြင်းမပြုရေး အစာငတ်ခံ ဆန္ဒဆက်ပြ

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်၊ အင်ဖာထောင်ထဲက မြန်မာနိုင်ငံသားစစ်ဘေးဒုက္ခသည်တွေဟာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းလို့မရတာကြောင့် အစာငတ်ခံ ဆန္ဒဆက်ပြ နေတယ်လို့ သိရပါတယ်။

ထောင်ကနေလွှတ်ပေးဖို့နဲ့ စစ်ကောင်စီထံလွှဲပြောင်းတာမလုပ်ဖို့ ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရကို တင််ပြပေးမယ်လို့ ကတိပြုထားပေမယ့် ထူးခြားတဲ့ ရလဒ် မရရှိတာကြောင့် သြဂုတ်လ ၂၆ ရက်နေ့က ထပ်မံ အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ India for Myanmar လူ့အခွင့်ရေး အဖွဲ့က ဆလိုင်းဒိုခါရ် က ပြောပါတယ်။

မြန်မာစစ်ဘေးဒုက္ခသည်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ထောင်အာဏာပိုင်များမှ ဗဟိုအစိုးရထံတင်ပြပေးမယ်လို့ ကတိပြုထားသော်လည်း ယနေ့ထိထူးခြားသော ပြောင်းလဲမှုအဖြေမရကြသောကြောင့်အစာအငတ်ခံဆန္ဒတာကို ဒီနေ့မှာ ပြန်လည်စတင်တာဖြစ်တယ်လို့ဆိုပါတယ်။

“ဒီနေ့ကစတင်ပြီး အမျိုးသား ၅၂ ဦး (ကျား) တွေ အစာငတ်ခံပြီး အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုသွားဖို့ရှိတယ်။ ပြည်တွင်းပြည်ပမှ သတင်းမီဒီယာများ အနေနဲ့လည်း အိန္ဒိယနိုင်ငံအတွင်း ဖမ်းဆီးခံ မြန်မာဒုက္ခသည်များအရေးကို နိုင်ငံတကာကသိရှိကူညီပေးလာနိုင်ရေး ဝိုင်းဝန်းကာ ဖမ်းဆီးခံသူများအသံကို ဖော်ထုတ်ပေးကြဖို့ India for Myanmar အနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ သူက ဆက် ပြောပါတယ်။

အင်ဖာအကျဉ်းထောင်က စစ်ဘေးဒုက္ခသည်တွေက စစ်ကောင်စီထံ ပြန်မပို့ဘဲ အိန္ဒိယနိုင်ငံ အတွင်းမှာပဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာ မဏိပူရ်ပြည်နယ် အာဏာပိုင်တွေက အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီး ၃၈ ဦးကို စစ်ကောင်စီထံ ပြန်ပို့ခဲ့သလို မေလ ၂ ရက်နေ့ကလည်း နောက် ထပ် ၃၈ ဦးကို ပြန်လွှဲပေးခဲ့ပါတယ်။

လက်ရှိ အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၁၅၉ ဦး ရှိပြီး အများစုဟာ စစ်ကိုင်းတိုင်းဒေသခံတွေနဲ့ ချင်းလူမျိုးတွေဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီဟာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်နေတာ ကြောင့် အသက်အန္တရာယ်လုံခြုံဖို့ အိန္ဒိယနိုင်ငံဘက်ကိုပြေးပြီး ခေတ္တခိုလှုံနေကြရတာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *