မန္တလေးနန်းတွင်းရှိ လပခ ကို ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်

တံတားဦး လေတပ်စခန်းကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်

စစ်အုပ်စုက ဒီမနက်ပိုင်း မန္တလေးကနေ မတ္တရာဘက် လက်နက်ကြီးနဲ့ လှမ်းထုနေ

မန္တလေးမြို့၊ နန်းမြို့တွင်းထဲမှာ ရှိတဲ့ စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် -လပခ ကို စက်တင်ဘာလ ၁၇ရက် ညနေပိုင်းနဲ့ ညပိုင်းမှာ ၁၀၇မမ ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ Operation Flame ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“နန်းတွင်းက ရှော့တိုက် ငါးလုံး၊ ၆နာရီ၅မိနစ်အချိန်တွင် ရှော့တိုက်ဒုံး နှစ်လုံး၊ ည၁၀နာရီ မိနစ်၂၀ ဝန်းကျင်တွင် ရှော့တိုက်ဒုံး သုံးလုံး” နဲ့ လပခ ကို တိုက်ခိုက်ခဲ့တာလို့ Operation Flame ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ရှော့ဒုံးတွေဟာ ပစ်မှတ်ကို ထိမှန်ပြီး စစ်အုပ်စု ထိခိုက်မှုကိုတော့ သတင်းမရရှိသေးဘူးလို့ ဆိုပါတယ်။

“တိတိကျကျ ကျွန်တော်တို့ အတွင်းသတင်း ရရှိမှု မရှိသေးပါဘူးဗျ။ အလုံးတွေ အတွင်းထိ ပစ်မှတ်တိကျပြီး ဝင်သွားတယ်၊ ပေါက်ကွဲတယ်၊ အဲ့ညကတော့ လူနာတင်ယာဉ်တွေ နန်းတွင်းထဲ ဝင်သွားတယ် ဆိုတာမျိုးပဲ မြေပြင် သတင်းထောက်ကတဆင့် သတင်းပြန်ရတယ်ဗျ”

အဲ့ဒီလို လပခ ကို ရှော့ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်အုပ်စုက မန္တလေးမြို့တွင်း ရမ်းကားပစ်ခတ်တာ၊ သေနတ် ပစ်ဖောက်တာတွေ လုပ်ခဲ့သလို လမ်းသွားလမ်းလာတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လပခ ကို ရှော့ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြို့ခံတချို့ကတော့ ပစ်ခတ်သံ၊ ပေါက်ကွဲသံတွေ ကြားရတယ်လို့ ပြောပြီး တချို့ကတော့ ဘာမှ မကြားရဘူးလို့ ဆိုပါတယ်။

“၁၇ ညက အသံကျယ်တယ်။ နန်းတွင်းထဲ ကျတာ” လို့ မန္တလေးနန်းမြို့နဲ့ မနီးမဝေးမှာ နေထိုင်သူက ပြောပါတယ်။

လပခ ကို ရှော့ဒုံးငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ဆင်ရေးကို Operation Flame (ရန်ကုန်)နှင့် Operation Flame (မန္တလေး) မြို့ပြပြောက်ကျား ရဲဘော်တွေက “ရန်-မန်း စစ်ဆင်ရေး”အဖြစ် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ Operation Flame ရဲ့ စစ်ဆင်ရေး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး တော်လှန်ရေး တပ်သားတွေ အားလုံး အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Operation Flame တပ်ဖွဲ့ဟာ စက်တင်ဘာလ ၅ရက်ကလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမပေါ်ရှိ စစ်အုပ်စုရဲ့ မြောက်ဥက္ကလာပ ရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်း အသုံးပြုကာ ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်အုပ်စုတချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စက်တင်ဘာလ ၁၇ရက် ညပိုင်းက မန္တလေးမြို့ တံတားဦး လေတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

တံတားဦးလေတပ်စခန်းကို PDF တွေ ထုတ်လုပ်ထားတဲ့ ကာမိကာဇေ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လေယာဉ်ဆီသိုလှောင်ကန်ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကာ ဆီစိုလှောင်ကန် ထိ၊မထိ မသိရပေမယ့် အဆောက်အဦတစ်ခုတော့ ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။

“စက်တင်ဘာလ ၁၇ရက်၊ ည ၁၀နာရီခွဲနဲ့ ၁၁နာရီကြားအချိန်တွင် မန္တလေးတိုင်း တံတားဦးမြို့နယ် တံတားဦး လေဆိပ် (လေတပ်စခန်း)သို့ လက်နက်ကြီး ကျရောက်ကာ ပြင်းထန်စွာ ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။ တစ်လုံးမှာ သိုလှောင်ရုံထဲသို့ ကျရောက်ပေါက်ကွဲကာ ကျန်တစ်လုံးမှာ လယ်ကွင်းထဲသို့ ကျရောက်ခဲ့ကြောင်း သိရပါသည်။ လူအထိအခိုက် မရှိခဲ့ကြောင်း သတင်းရရှိပါတယ်ခင်ဗျာ” လို့ မန္တလေးမြေပြင်ကင်းထောက် Mdy Revolution ကလည်း ဖော်ပြထားပါတယ်။

နိုင်ငံတဝန်းက မြို့၊ရွာတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ တံတားဦးလေတပ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီကနေ့ စက်တင်ဘာလ ၂၁ရက်မှာတော့ မန္တလေးမြိုကပေါ်နေ စစ်အုပ်စုက မန္တလေး၊ မင်းကွန်းနဲ့ မတ္တရာနယ်အစပ်၊ ဧရာဝတီမြစ်ရိုးက ရွာတွေဘက် လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ယနေ့နံနက် ၄နာရီခွဲ အချိန်ခန့်မှ စတင်ကာ စစ်ကိုင်း အရှေ့မြောက်ဘက် မင်းကွန်း၊ သုံးဆယ်ပေးရွာ (မတ္တရာနယ်) ဘက်ခြမ်းအား စကစမှ စစ်ကြောင်းထိုးနေကာ ခြေလျင်အင်အား အပြင် လက်နက်ကြီးပစ်ကူ အင်အားပါ ထည့်ကာ စစ်ကြောင်းထိုးနေကြောင်း ကနဦး သတင်းရရှိပါသည်” လို့ Mdy evolution က ဖော်ပြပါတယ်။

မန္တလေးမြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့အရပ်ဆီကို စစ်အုပ်စုက လက်နက်ကြီးနဲ့ လှမ်းထုနေတာ ဖြစ်ပြီး မန္တလေးမြို့ခံတွေသာမက ပုသိမ်ကြီးမြို့ကပါ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မနက် ၆ခွဲလောက်ကစပြီး အခုချိန်ထိ တောက်လျှောက် တအုံးအုံးသံတွေ (လက်နက်ကြီးထုသံလို့ ယူဆရ) ကို မန္တလေး အရှေ့ခြမ်း ပုသိမ်ကြီး ရပ်ကွက်တွေနဲ့ မြို့သစ်ဖက်ခြမ်းမှ နေထိုင်သူများ ကြားရ” လို့ ပုသိမ်ကြီး မြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးရဲ့ အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ရိုးရှိ ကျွန်းတွေထဲကနေ လပခ ကို ရှော့ဒုံးနဲ့ လှမ်းထုတယ်လို့ ယူဆကာ စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ် သောင်းကျန်းနေတာ ဖြစ်နိုင်ပြီး မြစ်ရိုးတလျှောက် ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကနဦး သတင်းပေးပိုချက်များအရ ပေါက်ဝဲ နှင့် ပျော်ဘွယ်ရွာများဘက်မှ သုံးဆယ်ပေးရွာသို့ လက်နက်ကြီးများနှင့် ညှပ်ပစ်နေခြင်း ဖြစ်ကြောင်း သိရသည်။ ညောင်ကွဲ (မန္တလေးမြို့စွန်ရပ်ကွက်) ဘက်မှလည်း လက်နက်ကြီး ပစ်ကူပေးနေကြောင်း သိရသည်။ ဆက်စပ်၍ မန္တလေးမြိုအနီး ဧရာဝတီမြစ် တဘက်ကမ်းရှိ ရွာများလည်း တိမ်းရှောင်နေရကြောင်း သိရသည်” လို့ မန္တလေးမြေပြင်ကင်းထောက် Vomdy က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ လပခထဲ ပစ်ခတ်တိုက်ခိုက်ခံရတိုင်း မန္တလေးအနောက်ဘက် မြစ်ရိုးက ကျေးရွာတွေကို စီးနင်းဝင်မွှေ အကြမ်းဖက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ရက်ကလည်း မြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ Brave Worriors for Myanmar (BWM) နဲ့ Shadow Mandalay တို့ ပေါင်းပြီး လပခ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *