စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးအလုံးရေ ရာချီကြဲချခဲ့ပြီး အင်အား ၁၆၀ခန့်ကိုလည်း လေကြောင်းမှပင် စစ်ကူပို့ခဲကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၂၃ရက်နေ့ နံနက် ၉နာရီ ၃၅မိနစ်ခန့်မှစ၍ ညနေ ၆နာရီ၂၁မိနစ် အထိ ဂျက်ဖိုက်တာ ရှစ်စင်း ဖြင့် လေကြောင်းမှ ၁၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက် ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် Y12 လေယာဉ်ဖြင့် နံနက် ၁၀နာရီ ၃၈မိနစ်တွင် ပင်လည်ဘူးမြို့ တောကျောင်းအနီးတစ်ဝိုက်ကို ဗုံးသီး ၆၅လုံးကြဲချခဲ့ပြီး ပင်လည်ဘူးမြို့ပေါ်သို့ နေ့လယ် ၁နာရီ ၃၂မိနစ်တွင် ဗုံးအလုံးရေ ၆၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း people’s defense comarade အဖွဲ့က ထုတ်ပြန်သည်။
“ဗုံးကြဲတာကတော့နေ့တိုင်းပဲ။ အထုတ်တွေကိုလည်း လေကြောင်းကပဲပို့တယ်။ စစ်ကူလည်း သူတို့စခန်းနဲ့နီးတဲ့နေရာကို ချပေးတယ်။ စစ်ကူမချခင် ပစ်ရှင်း ရှင်းတဲ့အနေနဲ့ ဗုံးကြဲတယ်။ လေယာဉ်ပေါ်ကနေ စက်လက်နဲ့ပစ်တယ်။ မနေ့က လေယာဉ်ကို အစင်းပေါင်းမရေနိုင်ဘူး” ဟု ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။
ထို့အပြင် Y12လေယာဉ်၊ ဟုမ္မလင်းမှတက်လာသည့် MI 35pတို့ဖြင့် ၁၂ကြိမ်ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
စစ်ကောင်စီက Y 12လေယာဉ်ဖြင့် ဗုံးကြဲချ နယ်မြေရှင်းထားပြီး MI 17လေးစင်းဖြင့် စစ်ကူ ၁၀၀ခန့်ကို စစ်ကောင်စီတပ်စွဲထားရာ ရဲစခန်းနှင့် ၁၄၆မီတာသာ ကွာဝေးသည့်နေရာကို စစ်ကူပို့ခဲ့ပြီး လေယာဉ်မှာ ဝန်းသို ခမရ-၁၂၀ အတွင်းသို့ပြန်ဆင်းကာ နောက်ထပ်စစ်ကူအင်အား ၆၀ ကျော်ကို တင်ဆောင်၍ စစ်ကူထပ်ပို့ခဲ့ကြောင်း သိရသည်။
MI 17 ရဟတ်ယာဉ်ဖြင့် စစ်ကူအင်အား ၁၆၀ ကို ခုနစ်ကြိမ်ခန့် အတက်အဆင်းပြုလုပ်၍ ချပေးသည့်အပြင် ညနေပိုင်းတွင်လည်း လက်နက်၊ခဲယမ်းနှင့် ရိက္ခာထုတ်များကို လာရောက်ချပေးသွားကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်နေ့ကလည်း လေကြောင်းမှ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာထုတ်များကို ရဲစခန်းအနီးသို့ လာရောက်ချပေးရာ ၎င်းအထုတ်များကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။
ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဩဂုတ် ၁၅ရက်နေ့မှစတင်၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ မြို့ကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ ရဲစခန်းနှင့် အာရှဘဏ်ကုန်းတို့သာ ကျန်ရစ်တော့ကြောင်း သိရသည်။
Leave a Reply