စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် PDFတို့၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံနေရကြောင်း သိရသည်။
ဩဂုတ် ၁၈ရက်တွင် ဒီပဲယင်းမြို့ကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ယင်းနေ့ညနေပိုင်း၌ အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာကာ ယနေ့ (စက်တင်ဘာ ၂၄ရက်)အထိ တပ်စွဲထားသော်လည်း မြို့ထဲ၌ မကြာခဏတိုက်ခိုက်ခံနေရပြီး အကြိမ်ရေအားဖြင့် ၂၀ထက် မနည်းရှိကြောင်း ဒီပဲယင်းအခြေစိုက် PDF ရဲဘော်အချို့ထံက သိရသည်။
” သူတို့ (စစ်ကောင်စီတပ်) ပြန်ဝင်ကတည်းက လက်နက်ကြီးပစ်တယ်။ မြို့ထဲထိ လက်နက်ငယ်နဲ့ ဝင်ပစ်တာရှိတယ်။ဒရုန်းချတာတွေ ရှိတယ်။ အနားပေးတာမျိုးမရှိဘူး ” ဟု ဒီပဲယင်းအခြေစိုက် PDFရဲဘော်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၇ရက်တွင် ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်အထိုင်ချ ငါးနေရာကို PDF တပ်ဖွဲ့ များ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအပါအဝင် ဩဂုတ် ၁၈ရက်နေ့မှ ယနေ့အထိ မြို့ထဲသို့ ဝင်ရောက်တိုက်ခိုက်မှု စုစုပေါင်း ခုနှစ်ကြိမ်ရှိပြီဖြစ်ကြောင်း Freedom Revolution Force အဖွဲ့ထံက သိရသည်။
” အထိအခိုက်က တိတိကျကျမသိရသေးဘူးဗျ။ အတွင်းထဲကိုသတင်းထောက်လို့မရဘူး ဖြစ်နေလို့ ပါဗျ ” ဟု Freedom Revolution Force သတင်းပြန်ကြားတာဝန်ခံက ပြောသည်။
ဒီပဲယင်းမြို့အခြေစိုက်စစ်တပ်သည် မြို့ပေါ်၌သာ နေပြီး မြို့ပြင်သို့ လုံးဝမထွက်ကြောင်း သိရသည်။
” တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ကြိုကြားကြိုကြား ဝင်ရောက်ပစ်ခတ်တာမျိုး၊ တိုက်ခိုက်တာမျိုးတော့ ကြားရတယ်” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ခံ ကိုစိုးကြီးကပြောသည်။
စစ်ကောင်စီတပ်သည် ဩဂုတ် ၁၈ရက်တွင် ဒီပဲယင်းမြို့ထဲသို့ အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာပြီး မြို့ပေါ်ရှိ နေအိမ်များနှင့် ကံပြားရွာကို နေ့စဉ်ဆိုသလို မီးရှို့ဖျက်ဆီးလျက်ရှိရာ ထွက်ပြေးတိမ်းရှောင်နေသော ဒီပဲယင်းမြို့ခံသောင်းနှင့်ချီ တို့မှာ ယနေ့အထိ (စက်တင်ဘာ၂၅ရက်) အထိ မြို့ထဲသို့ ပြန်မဝင်နိုင်သေးပေ။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ဦးသေဆုံးပြီး PDF ရဲဘော် လေးဦးကျဆုံး ခဲ့ကြောင်း PDF ဘက်က ထုတ်ပြန်ထားသည်။
ဒီပဲယင်းမြို့ကို PDF တို့ သိမ်းပိုက်ပြီးနောက် Non- CDM ဝန်ထမ်း ၄၀၊ အချုပ်သား ၂၀၊ ပြည်သူ ၇၂ဦးနှင့် အလံဖြူထောင်လက်နက်ချသည့် ပျူစောထီးနှစ်ဦးတို့အား ကယ်ထုတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်တစ်စစ်ဒေသက သတင်း ထုတ်ပြန်ထားသည်။
Leave a Reply