မြောင်းမြတွင် အုပ်ချုပ်ရေးမှူးတစ်ဦး KTV အကြွေးမပေးသဖြင့် ဓားထိုးခံရ

ဧရာ၀တီတိုင်း၊ မြောင်းမြမြို့တွင် စက်တင်ဘာ ၂၄ ရက်နေ့ ညက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး KTV အကြွေးမပေးသဖြင့် ဓားထိုးခံရကြောင်း ဒေသခံများထံက သိရသည်။

ဓားဖြင့်ထိုးခံရသူမှာ မဲကျော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသက်ပိုင်ဟုသိရပြီး ည ၁၂နာရီ ၃၀ခန့်က သီရိမြင့်မိုရ် တည်းခိုခန်းတွင်ရှိနေစဉ် KTV မှ၀န်ထမ်းအချို့ က လာရောက်ကြွေးတောင်းရာမှ ဓားဖြင့်အထိုးခံရသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“သူက ကားကြီးကွင်းက Day &Night KTVမှာသုံးရက်ဆက်တိုက်၀င်ပြီး ငွေမရှင်းပဲအကြွေးထားခဲ့တာ။ နောက်ရက်ကြတော့ KTVက အကြွေးလှမ်းတောင်းတော့ သူတည်းနေတဲ့ တည်းခိုခန်းကို လာယူလို့ပြောလို့ ဟိုက ၀န်ထမ်းလေးလွှတ်လိုက်တာ။ သူက ဘာတွေ ခြိမ်းခြောက်လဲမသိဘူး ဓားနဲ့ထိုးခံလိုက်ရတာပဲ “ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

လက်ရှိတွင် အဆိုပါအုပ်ချုပ်ရေးမှူးကို မြောင်းမြဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရကြောင်းနှင့် ဓားဖြင့်ထိုးသည့် KTV ဝန်ထမ်းမှာ တိမ်းရှောင်နေကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူများထံမှ သိရှိရသည်။

ဓားဖြင့်ထိုးခံရသော မဲကျော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသက်ပိုင်သည် ကျေးရွာတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ငွေတောင်းခံခြင်းနှင့် ကျေးရွာအတွင်း မတရားငွေကောက်ခံခြင်းများကြောင့် ပြည်သူများက မြို့နယ်စစ်ကောင်စီသို့ တိုင်ကြားခံထားရသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top