ပြင်ဦးလွင်မြို့က အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်သူတွေ အကုန်ထွက်ပြေးနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က အာဏာသိမ်းစစ်တပ် မိသားစုဝင်တွေ အရေးပေါ် ပြောင်းရွေ့နေကြပြီး မြို့ပေါ်မှာ ပြည်သူတွေသာကျန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၁၀၂၇စစ်ဆင်ရေး တစ်နှစ်ပြည့် အထိမ်းအမှတ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်ဆိုတဲ့သတင်း‌တွေ ထွက်ပေါ်နေတာကြောင့် နေရပ်စွန့်ခွာသူတွေ များလာတယ်လို့လည်း သိရပါတယ်။

“လက်ရှိအချိန်ကတော့ အားလုံးတိတ်ဆိတ်နေကြတယ်။ လူတွေလည်း အသွားကလာမရှိတော့ဈေးတွေလည်းမရောင်းရဘူး။ မြို့ပေါ်မှာတော့ဒေသခံပြည်သူတွေပဲရှိတော့တယ်။ သွားစရာနေရာကလည်းအဆင်ပြေမှကောင်းတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်မှာလည်း အရောင်းအဝယ်မရှိသလောက်နည်းပါနေပြီး မူလဈေးထက် အနည်းငယ်လျော့ရောင်သူတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။

မန္တလေး (၁၆) မိုင်ဂိတ်ကနေစတင်ပြီး ကားငယ်တွေကို အတက်ပေးမဖြတ်တော့ဘဲ အဆင်း ကားငယ်တွေတော့ ဖြတ်သန်းခွင့်ပေးပြီး ဝက်ဝံဂိတ်မှာလည်း ပြင်ဦးလွင်ကားကလွဲရင် တခြားအိမ်စီးကားတွေကို ပေးမဖြတ်တော့ဘူးလို့ သိရပါတယ်။

“ဝက်ဝံဂိတ်ကဖြတ်ပြီးရင် နောင်ချိုဘက်ကိုတက်လို့ရတယ်။ ရှမ်းမြောက်ထဲဝင်သွားမှာစိုးလို့ အသေစစ်တယ်။ ဂိတ်ဖြတ်ရင်လည်း အုံနာစာအုပ်နဲ့လိုင်စင်တွေထားခဲ့ရတယ်။ အပြန်မှပြန်ယူလို့ရတယ်။ လက်ရှိအချိန်ကတော့ တစ်မြို့လုံးတိတ်ဆိတ်နေတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပြင်ဦးလွင်မြို့ အနီးနားကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်၊ လေကြောင်းနဲ့ တိုက်ခိုက်တာတွေရှိနေတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရတာအဆင်မပြေတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

https://www.vultr.com/?ref=9641381-9J