တပ်သားသစ် အရောင်းအဝယ် စျေးကွက်တွင် လူငယ် ၁ ဦးလျှင် သိန်း ၁၀၀ အထိ စျေးပေါက်

စစ်တပ်၊ ရဲ၊ ပျူစောထီး၊ ထွေ/အုပ်၊ လ၀က အပါအဝင် အာဏာပိုင်များ အားလုံးပါဝင်နေသော လူစားထိုး တပ်သားသစ် အရောင်းအဝယ် စျေးကွက်တွင် လူငယ် ၁ ဦးလျှင် သိန်း ၁၀၀ အထိ စျေးပေါက်၊ အဓိက ချမ်းသာလာသူများမှာ စစ်တပ်အရာရှိများဖြစ်

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်ထမ်းဥပဒေဖြင့် လစဉ် လူငယ်များကို တပ်သားသစ်များအဖြစ် စုဆောင်းလျက်ရှိရာ စစ်တပ်၊ ရဲ အပါအဝင် ဝန်ကြီးဌာနပေါင်းစုံနှင့် အာဏာပိုင်များ ပါဝင်ပတ်သက်နေသည့် လူစားထိုး တပ်သားသစ်အရောင်းအဝယ်စျေးကွက်မှာ ကြီးထွားလာပြီး လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ အထိ စျေးပေါက် နေကြောင်း စုံစမ်းသိရှိရသည်။

လူစားထိုး တပ်သားသစ်အရောင်းအဝယ်စျေးကွက်သည် အဓိကအားဖြင့် စစ်မှုမထမ်းလိုသည့် ငွေကြေးတတ်နိုင်သော လူတန်းစားများအတွက် လူရှာပေးခြင်း၊ လူစားထိုးခြင်းဖြင့် စတင်ခဲ့သော်လည်း ယခုအခါတွင်မူ ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက်ပါ ငွေကြေးစုဆောင်း၍ လူစားထိုး တပ်သားသစ်ရှာဖွေ ရောင်းဝယ်မှုများ လုပ်ဆောင်လာကြောင်း၊ ယင်းလူစားထိုး တပ်သားသစ်အရောင်းအဝယ်စျေးကွက်ကို လက်ခံပြီး ငွေကြေး အကျိုးအမြတ်ရှာဖွေနေသူများမှာ စစ်တပ်၊ ရဲ၊ လ၀က နှင့် ထွေ/အုပ်များဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ရွာကို တစ်လကို လူငယ် ၂ ဦး တပ်သားသစ်ပို့ရမယ်ဆိုပြီး တောင်းတယ်။ တစ်ရွာလုံးကလည်း ဘယ်သူမှ မသွားချင်ဘူး။ အဲဒီတော့ အုပ်ကြီးက တပ်နဲ့သွားညှိတယ်။ ရွာကတော့ မသွားချင်ဘူး။ ဘယ်လိုလုပ်ရမလဲဆိုတော့ တပ်ဘက်က လူတစ်ဦးကို သိန်း ၅၀ လောက်ပေါက်တယ်။ တစ်လကို သိန်း ၁၀၀ ကောက်ပေးရင် သူတို့ဟာသူတို့ လူစားထိုးမယ်ပြောတယ်။ အဲဒီတော့ အုပ်ကြီး ရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိတော့ တစ်အိမ်ကို ၃ သောင်း စစ်မှုမထမ်းချင်ရင်၊ လူစားထိုးရမယ်ဆိုပြီး လစဉ်ကောက်တယ်။ သိန်း ၁၀၀ ကို တပ်ကို လစဉ် ပေးတယ်။ ပိုတာ ကျေးရွာ အလှူငွေဆိုပြီး ရွာရန်ပုံငွေ အဖြစ် ယူလိုက်တယ်” ဟု ရေနံချောင်းမြို့နယ်မှ ကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းဒလမြို့နယ်တွင်လည်း တပ်သားသစ်အရောင်းအဝယ်စျေးကွက်ဖြစ်ထွန်းနေပြီး အဓိကအားဖြင့် ရန်ကုန်ဘက်မှ စစ်မှုထမ်းအတွက် လူစားထိုးရန် လာရောက် ရှာဖွေ ဝယ်ယူကြခြင်းဖြစ်ကြောင်း၊ ဒလမြို့နယ်တွင် ဆင်းရဲသော မိသားစုများက ၎င်းတို့၏ ဆယ်ကျော်သက်အရွယ် လူငယ်လေးများကို တပ်သားသစ်အဖြစ် အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ရောင်းချကြကြောင်း ဒလမြို့နယ်မှ တပ်သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

“ဒလဘက်မှာ မိဘကလည်း အရမ်းဆင်းရဲတော့ ရန်ကုန်ဘက်မှာ ဘောက်သွားလုပ်ကြတဲ့ လူငယ်တွေရှိတယ်။ အဲဒါ လူငယ်တွေက ၁၈ နှစ်၊ ၁၇ နှစ်လေးတွေ။ အုပ်ချုပ်ရေးမှူးတွေက ချိတ်ဆက်ပြီး လူရှာကြတယ်။ နင်တို့သားကို တပ်ထဲသွင်းရင် လစာလည်းရမယ်၊ အလုပ်လည်းရမယ်။ ဝင်ငွေလည်း မှန်မယ်ပေါ့။ နစ်နာကြေးအဖြစ် သိန်း ၄၀ ပေးမယ်ပေါ့။ ၂ နှစ်တပ်ထဲမှာ နေရမယ်။ ပြီးရင် ပြန်လာရုံပဲဆိုပြီး သိန်း ၄၀ နဲ့ ကမ်းလှမ်းတယ်။ မိသားစုတွေကလည်း ဆင်းရဲတော့ သိန်း ၄၀ ယူလိုက်ပြီး ကလေးတွေကို တပ်ထဲထည့်လိုက်တယ်။ လူငယ်လေးတွေက မှတ်ပုံတင်မရှိတာကို ဒလ လ၀ကရုံးမှာ မှတ်ပုံတင်ကို နေ့ချင်းပြီး အမြန် တပ်နဲ့ အုပ်ချုပ်ရေးဘက်က စာနဲ့ မှတ်ပုံတင်ထုတ်တယ်။ အဲဒါကို ရန်ကုန်ဘက်မှာ လူစားထိုး တပ်သားသစ်အဖြစ် စာရင်းသွင်းပြီး တပ်ထဲလိုက်ရတာပေါ့။ အဲဒါ တပ်သားသစ် အရောင်းအဝယ် လုပ်တဲ့သဘောပါပဲ” ဒလမြို့နယ်မှ တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

လူစားထိုး တပ်သားသစ်တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဝန်းကျင်စျေးပေါက်နေရာတွင် တပ်သားသစ်၏ မိသားစုက အနည်းဆုံး ၂၅ သိန်းမှ သိန်း ၄၀ အထိသာရရှိပြီး ကျန်ငွေများကို စစ်တပ်၊ ရဲ၊ လ၀ကနှင့် အုပ်ချုပ်ရေးအဖွဲ့များက ခွဲဝေယူကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“အကြမ်းဖျဉ်းဆိုရင်တော့ တပ်ဘက်က ဆရာကြီး(တပ်ကြပ်ကြီး)နဲ့အရာရှိတွေက သိန်း ၄၀ လောက် ယူကြတယ်။ လူစားထိုး Process ကို သူတို့အဓိက လုပ်ပေးကြတာ။ ကျန်တာက အုပ်ချုပ်ရေးအဖွဲ့နဲ့ လ၀က၊ ရဲဘက်က ယူကြတာ။ အားလုံးခွဲဝေယူကြတာပေါ့” ဟု ဒလမြို့နယ်မှ တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

အလားတူ မကွေးတိုင်းအတွင်းတွင်လည်း စစ်တပ်က ကျေးရွာများအနေဖြင့် တပ်သားသစ် တစ်လလျှင် ၂ ဦး ပို့ရမည်ဖြစ်ကြောင်း မပို့နိုင်ပါက လူစားထိုးရန်အတွက် တစ်ရွာလျှင် တပ်သားသစ်တစ်ဦးအတွက် အနည်းဆုံး သိန်း ၈၀ မှ သိန်း ၁၀၀ နှုန်းဖြင့် တပ်သားသစ် ၂ ဦးစာ သိန်း ၂၀၀ ဝန်းကျင် လစဉ်ပေးပို့ရန် စစ်တပ်က အမိန့်ပေးကြောင်း အမည်ဖော်ပြလိုခြင်းမရှိသော ကျေးရွာတစ်ခုမှ ကျေးရွာတာဝန်ခံတစ်ဦးက ပြောဆိုသည်။

“အပတ်စဉ် ၁ ကနေ အပတ်စဉ် ၆ အထိ ကျနော်တို့ရွာက လူမပေးနိုင်ဘူး ဆုံးဖြတ်တယ်။ အဲဒီတော့ တစ်အိမ်ထောင်ကို တစ်လကို ၄၀၀၀၀ ကောက်တယ်။ ရွာမှာ ၆၀၀ ကျော်ရှိတော့ တစ်လကို သိန်း ၂၄၀ ရတယ်။ အဲဒါကို တပ်က ဗိုလ်ကြီးဆီ သွားပို့ပေးထားတယ်။ ဗိုလ်ကြီးတို့က သူတို့ နည်းသူတို့ဟန်နဲ့ ကျနော်တို့ရွာက မပေးနိုင်တဲ့ တပ်သားသစ်အတွက် တစ်လ ၂ ယောက်ရှာတယ်။ အခု အပတ်စဉ် ၆ မှာ တစ်လ ၄၀၀၀၀ တောင် မပေးနိုင်တဲ့ အိမ်က များလာပြီ။ နောင်ဆိုရင်တော့ ငွေကောက်မရရင်တော့ မဲဖောက်ပြီး လူပေးရမယ့် အခြေအနေဖြစ်လာပြီ” ဟု ကျေးရွာတာဝန်ခံကဆိုသည်။

အလားတူဖြစ်စဉ်မျိုး မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အတွင်းတွင်လည်း ကြုံတွေ့နေရပြီး စစ်တပ်က လူမပေးနိုင်သည့်ကျေးရွာများကို လစဉ် ငွေကျပ် သိန်း ၂၀၀ ဝန်းကျင်တောင်းခံကြောင်း၊ ကျေးရွာတချို့က စစ်တပ်က တောင်းခံသည့် ငွေကျပ် သိန်း ၂၀၀ ကို ကျေးရွာလူထုထံမှ ကောက်ခံပေးသော်လည်း ကျေးရွာမှ လူငယ်တချို့ အလုပ်သွားရင် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း၊ ထို့ကြောင့် ထုတ်ယူရန် ကြိုးစားရာတွင် စစ်တပ်က ထပ်မံ ငွေတောင်း၍ အခက်တွေ့နေရကြောင်း သိရှိရသည်။

“တပ်မတော်ကို လစဉ် ကျေးရွာပြည်သူတွေက သိန်း ၂၀၀ တပ်သားသစ်မပို့နိုင်လို့ ပေးရပါတယ်။ ဒီလဆန်းပိုင်းက ရွာက လူငယ် ၂ ဦး မန္တလေးတက်ရင်း ပေါ်တာဆွဲခံရတာ။ လိုက်ထုတ်ဖို့ လိုက်တော့ တံတားဦး တပ်က ဖမ်းသွားတာက မဟုတ်ဘူး။ မန္တလေး ၊ ပြည်သူ့စစ်ဘက်က ပေါ်တာဆွဲတာဖြစ်တော့ ပြန်ထုတ်ဖို့ ၊ ကျေးရွာက လစဉ် ငွေပေးထားပါတယ် ပြောပြတယ်။ တပ် မတူတော့ ငွေထပ်တောင်းတယ်။ ရွာက လစဉ် စုပေးနေရတာက တံတားဦးတပ်က။ ဖမ်းသွားတာ ပြည်သူ့စစ်ဆိုတော့ ငွေလည်း ထပ်မပေးနိုင်ဘူး။ ကလေးတွေရဲ့ မိဘတွေကလည်း မပြေလည်တော့ နောက်ဆုံး လက်လွှတ်လိုက်ရတယ်” ဟု တံတားဦးမြို့နယ်မှ ကျေးရွာလူကြီးတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက မေလမှစတင်၍ စစ်မှုထမ်းအပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအောက်တိုဘာလတွင် စစ်မှုထမ်းအပတ်စဉ် ၆ အထိ ရောက်ရှိနေပြီဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *