ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ရောင်းချခံရသောရခိုင်အမျိုးသမီးတစ်ဦးသည် ဒူဘိုင်း အထူးရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လုံခြုံစိတ်ချရသည့် နေရာတွင် ရှိကြောင်း ကာယကံရှင် အမျိုးသမီးငယ်ကပြောသည်။
အဆိုပါဒူဘိုင်းရဲတပ်ဖွဲ့ထံတွင် ထိန်းသိမ်းခံရသူမှာ အသက် (၂၂) နှစ်ရှိပြီး ပထမဦးစွာ ဆော်ဒီအာရေဗျနိုင်ငံမှာ ရောင်းစားခံရသည်။
ယင်းနောက်ပြီးခဲ့သည့် ဩဂုတ်လကုန်လောက်တွင် ဆော်ဒီအာရေဗျနိုင်ငံမှတဆင့် ဒူဘိုင်းနိုင်င်ငံသို့ ထပ်မံပို့ဆောင်ရောင်းစားခံခဲ့ရပြီးနောက် ၂ လကျော်အကြာတွင် ဒူဘိုင်းမြို့ မှ မြန်မာသံရုံးတာဝန်ခံများနှင့် ဒူဘိုင်းအထူးရဲတပ်ဖွဲ့တို့က နိုဝင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီခွဲတွင် သူရှိသည့် နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း မဝင်းဝင်းလှိုင်က ပြောသည်။
“ရဲက ဝင်ဖမ်းပြီး စခန်းကို ခေါ်လာတာပါ။ အခုသူတို့က လုံခြုံတဲ့ နေရာမှာ နေခိုင်းထားပါတယ်။ ရောင်းစားခံရတယ်လို့ တိုင်ထားလို့ပါ။ နောက်တစ်ခု (အိုဗာစတေး) ဗီဇာသက်တမ်း ကျော်လွန်နေတာဖြစ်နေတာလည်းပါတယ်။ အိမ်ပိုင်ရှင် အစစ်က ထွက်ပြေးပုန်းရှောင်နေပါတယ်” ဟု ပြောသည်။
ယင်းအပြင် သူနှင့်အတူ အိမ်ရှင်အမျိုးသား၏ လူယုံတစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ တာဝန်ရှိရဲက သူအား မြန်မာနိုင်ငံသို့ ပြန်မည်လားဟု မေးသဖြင့် ပြန်ချင်သည်ဟု ပြောပြထားကြောင်း ဆက်ပြောသည်။
လက်ရှိတွင် သူအတွက် ပြည်တော်ပြန်ရန်အတွက် စီစဉ်နေသော်လည်း ဒူဘိုင်းတွင် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) မရှိသည့်အတွက် လမ်းစရိတ်အခက်အခဲဖြစ်နေကြောင်း ၎င်းတို့အရေး ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်ဝိုင်းသူဇာက ဆက်လက်ပြောဆိုသည်။
“အခု သူကိုတော့ လုံခြုံတဲ့ နေရာမှာ ထိန်းသိမ်းထားတယ်။ မြန်မာပြည်ပြန်ခေါ်ဖို့ လုပ်နေတယ် ဆိုတော့ ဒူဘိုင်းမှာ IOM မရှိတဲ့အပြင် သံရုံးဘက်ကလည်း ဒီလိုကိစ္စမျိုးအတွက် အလျာထားတဲ့ ငွေမရှိတဲ့အတွက် ပိုပြီး အခက်အခဲတော့ ရှိပါတယ်။
ကိုယ့်စရိတ်နဲ့ ကိုယ်ပြန်ရဖို့အတွက် အဖွဲ့အစည်းတချို့ကို အကူအညီတောင်းခံထားပါတယ်။ အားလုံး တတ်နိုင်သလောက် ကူညီပေးဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။
လက်ရှိ ဒူဘိုင်း – ရန်ကုန် လေယာဉ်လက်မှတ်မှာ အမေရိကန်ဒေါ်လာ ၅၀၀ နှင့် ၆၀၀ အကြားရှိကြောင်း ဒေါ်ဝိုင်းသူဇာက ဆက်ပြောသည်။
သူနှင့် အလားတူ ရခိုင်အမျိုးသမီး (၃)ဦးသည်လည်း အရှေ့အလယ်ပိုင်းတွင် ရောင်းစားခံခဲ့ရပြီးနောက် ၄ လနီးပါးအကြာတွင် အီရတ် အစိုးရထံတွင် ခိုလှုံခွင့်ရသွားပြီးဖြစ်သည်။
မဝင်းဝင်းလှိုင်သည် ရောင်းစားခံရပြီး ၆ လအကြာတွင် ဒူဘိုင်းအထူးရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး လုံခြုံသည့် နေရာသို့ ရောက်ရှိသွားပြီးဖြစ်သည်။
ယခု ရောင်းစားခံလိုက်ရသည့် အမျိုးသမီးငယ် ၄ ဦးမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များမှဖြစ်ကြပြီး ဒူဘိုင်းရှိ အလှပြင်ဆိုင်သို့ပို့ပေးမည်ဟု လိမ်လည်ပြောဆိုကာ စစ်တွေမြို့မှ ပွဲစား မနန္ဒာ၊ မခိုင်သန်းအေးနှင့် ဒူဘိုင်းနိုင်ငံရှိ မပန်ပန်(ခ)ခိုင်စန္ဒာတို့က အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ရောင်းစားခဲ့ခြင်း ဖြစ်သည်။
သူတို့ ၄ ဦးကို ပွဲစားများက မေလတွင် ရန်ကုန်မှ ယူအေးအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ တရားဝင်ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် ၃ ဦးကို အီရတ်နိုင်ငံသို့ဆက်လက်ပို့ဆောင်ကာ ကျန်တစ်ဦးကို ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ပွဲစားများဖြင့် တရားဝင်လာခဲ့ပြီးနောက် ရောင်းစားခံထားရသူ မြန်မာအမျိုးသမီး အယောက် ၈၀ ကျော်ခန့် ရှိကြောင်း အိုမန်နိုင်ငံရှိ မြန်မာနိုင်ငံပိုင် အေဂျင်စီတစ်ခုတွင် လုပ်ကိုင်နေသူ တစ်ဦးထံမှ သိရသည်။
ယင်းထဲတွင် ရခိုင်အမျိုးသမီးငယ်မျာ မည်မျှရှိသလဲဆိုသည့်တိကျသော အရေအတွက်အတိအကျမသိရသေးသော်လည်း အသက်အရွယ်အားဖြင့် အသက် ၂၀ မှ ၃၀ ကြားရှိကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံအတွင်း အစိုးရအဆက်ဆက် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်း အလွန့်အလွန် ရှားပါးမှုများကြောင့် ရခိုင်အပါအဝင် မြန်မာ အမျိုးသမီးငယ်များမှာ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားများ၏ အဆက်အသွယ်ကိုအားကိုးပြီး နှစ်စဉ် သွားရောက်မှုများအပြားရှိနေကြသည်။
ယင်းသို့သွားရောက်အလုပ်လုပ်ကိုင်ရာတွင် အလုပ်ရှင်သူဌေးများ၏ မတရားခိုင်းစေရိုက်နှက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အစာရေစာငတ်ပြတ်မှုများကိုကြုံတွေ့နေရပြီး ၄င်းတို့ကို တာဝန်ယူပို့ပေးခဲ့သည့်ပွဲစားများကို တိုင်ကြားလျှင်လည်း ပွဲစားများက မဖြေရှင်းပေးဘဲ လစ်လှူရှုထားသည်ဟု ကာယကံရှင်အမျိုးသမီးငယ်များက ပြောဆိုထားကြသည်။
Leave a Reply