လူတွေ ကြိတ်ကြိတ်တိုးစည်ကားနေတဲ့ ကျောက်မဲ တောင်ကျရေ (သို့) “နတ်ဆေးရည်” (ရုပ်သံ)

ကျောက်မဲမြို့နယ်ရှိတောင်ကျရေတွင် ရေချိုးပါက ရောဂါပျောက်ကင်းစေနိုင်သည်ဟူသော ကောလာဟလကြောင့် ဒေသခံများ အလုအယက်ရေသွားချိုးနေ

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲ-မိုင်းငေါ့လမ်း နမ့်မန်းရွာတွင် နတ်ရေစင်ဟုဆိုကာ တောင်ကျရေတစ်နေရာတွင် လူစုလူဝေးဖြင့် ရေသွားချိုးကြသည့်ဒေသခံများဖြင့် စည်ကားလျက်ရှိသည်။

“ကျောက်မဲ-မိုင်းငေါ့လမ်း နမ့်မန်းရွာက တောင်ကျရေ စိမ့်စမ်းရေတစ်ခုပါ။ ရေထွက်ပေါက် (၇) ခုလောက်ရှိပြီးတော့ အဲ့မှာနေ့တိုင်းရေသွားချိုးတဲ့သူတွေအများကြီးရှိတယ်။

ဘယ်သူကစပြီး လျောက်ပြောလိုက်တယ်မသိပါဘူး အဲ့ရေမှာရေချိုးရင် ရောဂါပျောက်တယ်ဆိုလို့ နေ့တိုင်းလူတွေစည်ကားနေကြတယ်။

သျှမ်းပြည်ကတိုင်းရင်းသားတွေက တစ်ခုခုဆိုရင်အယုံလွယ်ကြတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် လိုက်ပြီးလုပ်ကြတယ်။

ယောကျာ်းတွေရော မိန်းမတွေရော စုပြီးတော့ အများအပြားရေချိုးနေကြတာ မြင်လို့တောင်မကောင်းပါဘူး။ ရေစလောက်တွေမှာ ခေါင်းကြီးထိုးထိုးပြီးရေချိုးကြတာပေါ့။

ဆပ်ပြာတွေခေါင်းလျှော်ရည်တွေတော့ ပေးမသုံးကြဘူး။ ဘာမှတော့မဖြစ်ပေမယ့် ဒီဘက်မှာ စစ်ပွဲဖြစ်ပြီးတာ သိပ်မကြာသေးတဲ့အတွက် မြေမြုပ်မိုင်းတွေရှိနေသေးမှာပဲ စိုးရိမ်တာပါ။” ဟု ကျောက်မဲဒေသခံတစ်ဦးက ဆိုသည်။

ကျောက်မဲမြို့နယ် နမ့်မန်းရွာသည် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာပျက်ဖြစ်ခဲ့ရသည့် ကျေးရွာတစ်ရွာဖြစ်သည်။ ယုံကြည်သူများအနေဖြင့် မိုင်းအန္တရာယ်ကိုသတိထားကြရန် လိုအပ်သည်။

ရှမ်းမြောက် ကျောက်မဲ-မိုင်းငေါ့လမ်းပေါ်ရှိ နမ့်မန်းရွာအနီးမှ တောင်ကျရေဟာ ရောဂါ ပျောက်ကင်းတယ်ဆိုပြီး အနီးအနားက ဒေသခံတွေဟာ နေ့စဉ် လူရာနဲ့ချီ ကြိတ်ကြိတ်တိုး သွားချိုးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ လေဖြတ်နေတဲ့ မိုင်းငေါ့ဒေသခံ အမျိုးသားတစ်ဦး အဲဒီတောင်ကျရေ ချိုးပြီးနောက် ပျောက်ကင်းသွားတယ်ဆိုတဲ့သတင်း ပြန့်နှံ့သွားပြီးတော့ အခုလို လာချိုးသူတွေ များလာတာဖြစ်တယ်လို့ ကျောက်မဲမြို့နယ်မှ ဦးဇင်းတစ်ပါးက မိန့်ပါတယ်။

“ကြားမိတာကတော့ လေဖြတ်နေတဲ့ ဒကာတစ်ယောက်ကို ဘုန်းကြီးတစ်ပါးက အိမ်မက် ပေးတာတဲ့ ရေ သွားချိုးပါဆိုပြီးတော့ တစ်လအတွင်းပေါ့။ အဲဒါနဲ့ သူသွားချိုးတော့ ပျောက်တာပေါ့။ အဲဇာတ်လမ်း မိုင်းငေါ့ဘက်ကနေ စတာ”

အဲဒီတောင်ကျရေကို တစ်လအတွင်း ချိုးရင် ဆေးဖြစ်တယ်ဆိုပြီး ၁၁ မိုင်မှာရှိတဲ့ ဘုန်းကြီးတစ်ပါးကို နတ်တွေက အိမ်မက် လာပေးတာလို့ ပြောဆိုတာတွေ ရှိနေပြီး ဘယ်သူက ဦးဆောင်လုပ်နေတယ်ဆိုတာကိုတော့ သေချာမသိကြပါဘူး။

ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေပါမကျန် နေ့စဉ် ရေလာချိုးတဲ့သူ များလွန်းတာကြောင့် တချို့နေ့တွေမှာ ကားလမ်းပိတ်တဲ့အထိ လူများနေတယ်လို့ ပြောပါတယ်။

အဲဒီတောင်ကျရေကို လာချိုးကြတာဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က တစ်လ ပြည့်သွားပြီဖြစ်ပေမဲ့ မချိုးရသေးတဲ့သူတွေရှိရင် ချိုးလို့ရအောင်ဆိုပြီး ၃ လအထိ ရေပေးဖို့ နတ်တွေဆီ ကန်တော့ပွဲ တင်ထားတာကြောင့် အခုထိ လာချိုးတဲ့သူတွေ ရှိနေဆဲဖြစ်တယ်လို့ ကျောက်မဲဒေသခံတစ်ဦးဖြစ်တဲ့ မလာဝ်က ပြောပါတယ်။

“၁၄ ရက်နေ့တုန်းက တစ်လ ပြည့်ပြီပေါ့နော်။ ၃ လအထိ ဆေးဖက်ဝင်အောင်ဆိုပြီးတော့ ကန်တော့ပွဲတွေနဲ့ ပြန်တောင်းထားတာရှိတယ်။ အခုလည်း သွားချိုးတဲ့သူတွေ ရှိနေတုန်းဘဲ။ ၃ ခါပြည့်အောင် ချိုးရမယ်လို့ ပြောကြတာဘဲ။ အဲဒါမှ ပိုပြီးထိရောက်တယ်လို့ ပြောကြတာဘဲ”

အဆိုပါ တောင်ကျရေကို ရောဂါပျောက်တယ်လို့ ယုံကြည်ပြီး လာချိုးနေကြတဲ့သူတွေ ရာနဲ့ချီ ရှိနေသလို မယုံကြည်တဲ့ ဒေသခံတချို့လည်း ရှိတယ်လို့ သူမက ဆက်ပြောပါတယ်။

“တချို့ကလည်း ဘာမှမထူးဘူးပေါ့။ အဲလိုပြောနေကြတယ်။ ယုံတဲ့သူတွေကတော့ အရမ်းယုံတယ်။ မယုံတဲ့သူတွေကတော့ မဖြစ်နိုင်ဘူးလို့ ပြောကြတာပဲ။ ပီ(အစ်မ)တို့အနေနဲ့က မပြောတတ်ဘူးပေါ့နော်။ သိပ်တော့ မယုံချင်ဘူး။ မယုံတဲ့ ရာခိုင်နှုန်းက ပိုများတယ်ပေါ့”

အဲဒီတောင်ကျရေဟာ အရင်ကတည်းက သဘာဝအတိုင်း ရှိနေပြီးသား ဖြစ်တာကြောင့် ရောဂါ ပျောက်တယ်ဆိုတာ မဖြစ်နိုင်သလို ယုံကြည်မှုလည်း မရှိဘူးလို့ ကျောက်မဲမှ နောက်ထပ် ဦးဇင်းတစ်ပါးက မိန့်ပါတယ်။

“အလကား အဲဒါဂျင်းထည့်တဲ့ဟာတွေ။ ဘယ်ပျောက်မှာတုန်း။ မိုးတွင်းကာလမို့လို့ တောင်ကျရေ ရှိတာ။ ဒါက သဘာဝဘဲလေ။ အဲဒါကို သူတို့က ရောဂါ ပျောက်တယ်ဆိုတော့ လူတွေကလည်း ယုံကြည်မှု လွန်ကဲပြီး သွားကြတာပေါ့။ ဦးဇင်းတို့ကတော့ မယုံပါဘူး”

အဲဒီတောင်ကျရေကို ကျောက်မဲနဲ့ မိုင်းငေါ့က ဒေသခံတွေအပြင် သီပေါ၊ လားရှိုး၊ ပြင်ဦးလွင်၊ မန္တလေး၊ မိုးကုတ် စတဲ့မြို့နယ်မှ ဒေသခံတွေလည်း နေ့စဉ် လာချိုးကြတယ်လို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ နေရာအနှံ့မှာ ပုံစံအမျိုးမျိုးနဲ့ နတ်ပူးတာတွေ နဂါး ပူးတာတွေလည်း ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

ကျောက်မဲမြို့မှာ “နတ်ဆေးရည်” ဆိုတာ တကယ်ရှိလား။

တောင်ကုန်းတွေ ဝိုင်းရံထားတဲ့ လမ်းအကွေ့တစ်နေရာမှာ အမျိုးသား၊ အမျိုးသမီး အရွယ်စုံ ဟာ ကြိတ်ကြိတ်တိုးပြီး အလုအယက် ရေချိုးနေကြပါတယ်။

အဲ့လူတွေ ဟာ စျေးဆိုင်တန်းတွေ ခင်းကျင်းရောင်းချနေသာရှိသလို ဆိုင်ကယ်တွေ၊ ကားတွေနဲ့ကလည်း ပြည့်နှပ်နေပြီး ပွဲစျေးတန်း ပုံစံလိုပါပဲ။

ဒီနေရာကတော့ ကျောက်မဲ – မိုင်းငေါ့သွားလမ်း ပေါ်မှာရှိတဲ့ နမ့်မန်းရွာအနီးက လမ်းအကွေ့တစ်နေရာမှာ တောင်ကျချောင်းရေကို သွယ်ထားပြီး အရပ်ဒေသ အခေါ် “နတ်ဆေးရည်” ကို ကျောက်မဲမြို့နယ် တဝှိက်က လူတွေ လာရောက် ရေချိုးနေခြင်း ဖြစ်ပါတယ်။

အဲ့ “နတ်ဆေးရည်” လို့ပြောတဲ့ နေရာဟာ ကျောက်မဲမြို့ကနေ သွားမယ်ဆိုရင် ၁၂ မိုင်ကွာဝေးပြီး၊ နမ့်မန်းရွာနှင့် ၂ မိုင်ခန့် ကွာဝေးပါတယ်။

“ အဘွားကြီးတစ်ယောက် ကျောက်မဲဆေးရုံမှာ ဆေးဝါးလာကုရင်း မပျောက်လို့ ဒီရေချိုးရင်း ပျောက်သွားတယ် လို့ ပြောကြတယ်။ အဲ့ကြောင့် လူတွေအများကြီး လာချိုးနေကြတာ “ လို့ ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလမှာ လေဖြတ်ရောဂါ ခံစားနေရဲ့ အမျိုးသမီးတစ်ဦးကနေ တောတောင်မှ ထွက်တဲ့ရေကို လာချိုးရင်း ပျောက်ကင်းသွားတယ်ဆိုတဲ့ သတင်းတစ်ခု ပြန့်နှံ့သွားခဲ့ပါတယ်။

အဲ့ဒီ သတင်းတစ်ခု ပြန့်နှံ့မှုကြောင့် နေ့စဉ်လူတွေ ကြိတ်ကြိတ်တိုးပြီး အလုအယက် ရေလာချိုးနေကြတာပါပဲ။

“လာချိုးသွားတဲ့သူတွေ ၁၀ ယောက်လောက်က အကိုက်အခဲတွေ ပျောက်တယ်ဆိုပြီး ပြောကြတာ။ အခုလကစပြီး နာမည်ကြီးလာတော့ လူတွေအများကြီး သွားချိုးတော့တာပဲ “ လို့ ကျောက်မဲမြို့ ဒေသခံ စိုင်းမင်း က ပြောပါတယ်။

အဲ့ဒီရေကို ချိုးပြီးသူတိုင်း ခန္ဓာကိုယ်အတွင်း၊ အပြင် ခံစားနေရတဲ့ ဝေဒနာတွေ၊ အကိုက်အခဲတွေ ပျောက်ကင်းတယ် ဆိုပြီးအချင်းချင်း ပြောဆိုနေကြတာပါ။ အဲ့အပြင် မမြင်ရတဲ့ သရဲ၊ တစ္ဆေ တွေကိုလည်း သန့်စင်ပေးတယ်လို့ ဆိုကြပါသေးတယ်။

ဒါပေမယ့် ဒီရေဟာ နတ်ဆေးရည် ဟုတ်၊ မဟုတ်ကိုတော့ အတည်ပြုလို့မရပါဘူး။

ကျေးလက်ဒေသမှာနေထိုင်တဲ့ ပြည်သူတွေဟာ အယုံအကြည်လွန်တာ၊ တလောကလည်း မြန်မာပြည်မှာ “ နဂါးပူး”တယ်ဆိုတဲ့ သတင်းကလည်း လူမှုကွန်ရက်မှာ ခေတ်ထပါသေးတယ်။

မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ ဒီလို အချေအတင်မရှိ သတင်းတွေ ပျံ့နှံ့မှု အားကောင်းတာတွေ၊ နောက်ပြီးလူမှုကွန်ရက်စာမျက်နှာ မဆင်မခြေ သတင်းဖြန့်ချိမှုတွေကြောင့် အယုံလွန်တဲ့ ပြည်သူတွေ အတွက် ဒုက္ခဖြစ်စေတယ်လို့ စိုင်းမင်းက ပြောဆိုလိုက်ပါတယ်။

ကျောက်မဲမြို့ ဦးဇင်းတစ်ပါးက “ နတ်ကပေးပေး၊ ပဒတ်ကပေးပေး၊ အိပ်ြမက်ကဘဲ ပေးပေး မိုးတွင်းအခါမှာ တောင်တန်းဒေသနေရာအစုံမှာ ရေထွက်တာ မထူးဆန်းဘူးထင်ပါရဲ့။ သေချာတာက နဂါးဘာညာ သာရကာ ကလည်း ကျွန်ုပ်တို့ ပြည်ကြီးမှာ ခေတ်စားလာသကိုးဗျ။ အသေချာဆုံးကတော့ စျေးသွားရောင်းသူတွေပေါ့ဗျာ။ လူအလာများတော့ စျေးရောင်းကောင်းမှာ မလွဲဧကန်ပါဘဲဗျာ “ ဟု ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် ၌ ရေးသား ဝေဖန်ထားပါတယ်။

တောင်ပေါ်ဒေသဖြစ်တဲ့ အလျှောက် မိုးရာသီ မိုးရွာသွန်းမှုကြောင့် မိုးရေချိန်များတာ၊ ရေထွက်တာဟာ မဆန်းဘူးလို့ ဆိုပါတယ်။ အဲ့ဒီလို ယုံကြည်လို့ ရေးသွားတဲ့သူရှိသလို မယုံကြည်သေးတဲ့လူတွေလည်းရှိပြီး တချို့တွေက မဆန်း၊ ဆန်းအောင် ပြုလုပ်နေတာပဲလို့ ဝေဖန်နေကြပါတယ်။

“ အရင်တုန်းက ဒီနေရာမှာ ရေတွေရှိပါတယ်။ ကျနော်တို့ တောထဲတောင်ထဲ မျှစ်ရှာပြီး မျှစ်လာဆေးတာ ဘာမှမဖြစ်ဘူး။ နောက်ပြီး အဲ့အပေါ်မှာပဲ ဝါးခုတ်ကြတယ်၊ ဘာမှမသိဘူး။ နောက်ပိုင်း ပြောဆိုလာတာ များလာမှ ဆေးရည်လို့ နာမည်ကြီးလာတာ “ ဟု ကျောက်မဲမြို့ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲ့ဒီလို နတ်ကပေးတဲ့ ဆေးရည်လို့ နာမည်ကျော်ကြားလာပြီးနောက် နေ့စဉ် ရာနှင့်ချီလူတွေလာရောက် ရေချိုးရာကနေ လက်ရှိမှာ ပွဲဈေးတန်းဖွင့်လှစ်သူတွေနဲ့ စည်းကားနေပါတယ်။

ဒီရေထွက်နေရာကို ၃ လသာကာလအထိ ဖွင့်လှစ်ပေးမည်ဟု သတင်းသိရှိရပြီး၊ အဲ့ဒီမှာရှိတဲ့ နတ်ကို ပူဇော်ပသခြင်းတွေလည်း ပြုလုပ်နေတာတွေလည်းရှိနေပါတယ်။

လာရောက် ပူဇော်ပြီး ရေချိုးကြသူတွေဟာ ကျောက်မဲမြို့အပြင် မိုင်းငေါ့၊ သီပေါ၊ လားရှိုး၊ မိုင်းရယ် စသည့် အနယ်နယ်အရပ်ရပ်မှ ဧည့်သည်တွေ ဖြစ်ကြပါတယ်။

ဒီလို တောင်ကျရေ ဟာ တောင်ပေါ်ဒေသ အတွက် ထူးခြားမှု မဟုတ်ပေမယ့် “နတ်ဆေးရည်”လို့ လွှဲမှား သတင်းဖြန့်ချိသူတွေကတော့ မသိနားမလည်တဲ့ ပြည်သူကို ကြီးလေးတဲ့ ဒုက္ခပေးလိုက်တာပါပဲ လို့ စိုင်းမင်းက မှတ်ချက်ပြုလိုက်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *