“ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ”

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ ညီ​နောင်မဟာမိတ်သုံးဖွဲ့နဲ့စစ်​ကောင်စီတို့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ဒီက​နေ့ (ဒီဇင်ဘာ ၁၁) မှာတွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ သိရပါတယ်။ ​လောက်ကိုင်မြို့က စစ်​ကောင်စီတပ်နဲ့စစ်​ကောင်စီ ဝန်ထမ်း​တွေထွက်ခွာ​ပေးရမှာဖြစ်သလို ၊ဒီက​နေ့ က​နေ ဒီဇင်ဘာလကုန် အထိ့နှစ်ဖက် အပစ်ရပ်ကြမယ်လို့လည်း စုံစမ်းသိရပါတယ် ။ ၁၀၂၇ စစ်ဆင်​ရေးစတင်ပြီး ရက်ပိုင်းအတွင်းမှာ MNDAA က ​ပြော​ရေးဆိုခွင့်ရှိသူကို ဆက်သွယ်​မေးမြန်းထားတာကို ပြန်လည်​ဖော်ပြ​ပေးလိုက်ပါတယ်။

“ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ”

MNDAA ပြောရေးဆိုခွင့်ရှိသူလီကျာဝင်းနဲ့မေးမြန်းခန်း

ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA) သုံးဖွဲ့ ပူပေါင်း ဖော်ဆောင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အောက်တိုဘာ ၂၇ရက်က စတင်ခဲ့ပြီးဒီကနေ့ နိုဝင်ဘာ ၂ရက်မှာ တစ်ပတ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ညီနောင်သုံးဖွဲ့နဲ့မဟာမိတ်တပ်တွေဟာ ရှမ်းမြောက်ဒေသ အသီးသီးမှာ တစ်ပြိုင်နက်ထိုးစစ်ဆင်ပြီးစစ်ကောင်စီတပ်စခန်းတွေကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ခဲ့ရာ တစ်ပတ်အတွင်းမှာ သိန္နီ၊ ချင်းရွေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင်စတဲ့ မြို့တွေကို အလုံးစုံထိန်းချုပ်ထားနိုင်သလို စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို တစ်ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ သံချပ်ကာ/တင့်ကား ယာဉ် ၆ စီးအပါအဝင် စစ်ကောင်စီရဲ့ လက်နက်ကြီး လက်နက်ငယ်၊ ခဲယမ်း၊ ကျည်အများအပြားကို သိမ်းပိုက်ရရှိထားပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်များပြားခဲ့သလို ဖမ်းဆီးခံရသူ အလင်းဝင်လာသူတွေလည်းများပြားခဲ့ပါတယ်။ တပ်ရင်းအလိုက် အလင်းဝင်လာမှုတွေလည်းရှိခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်​ရေး နဲ့ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကိုဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ စစ်ဆင်ရေး ၇ ရက်အတွင်းမှာ တော်လှန်ရေးအဖွဲ့တွေက မြို့ပေါင်း ၄ မြို့ ၊စခန်းပေါင်း ၁၀၀ ကျော်သိမ်းပိုက်နိုင်ခဲ့တာ တွေ့ရတယ် ။ စစ်ကောင်စီတပ်စခန်းတွေ ကျတာမြန်လွန်းလို့ ပြည်သူတွေ အံသြ၊ဝမ်းသာဖြစ်နေကြတာတွေ့တယ် ။စစ်တပ်စခန်းတွေ အမြန်ကျရှုံးနေတာ ဘာကြောင့်လို့ထင်လဲ ။စစ်တပ်ရဲ့စစ်ရေးစွမ်းရည်အပေါ်ဘယ်လိုမြင်လဲ ။

ဖြေ။ စစ်ကောင်စီတပ်စခန်းတွေ ဒီလောက်အမြန်အဆန်နဲ့ ကျရှုံးနေတာကတော့ အဓိကတော့ စစ်ကောင်စီရဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေ ပေါ့နော် သူတို့က ဆန့်ကျင်တဲ့ စိတ်တွေ အဲဒီလောက်ထိ မပြင်းထန်တော့ဘူး ။ သူတို့လည်း စိတ်ဓာတ်တွေ တော်တော်ကျနေပြီ ပေါ့နော်။ သူတို့ရဲ့ စစ်အုပ်စု ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကြောင့်မို့လို့။ အဲဒါကြောင့် မို့လို့ အဲဓီလောက် အမြန်အဆန် သိမ်းပိုက်နိုင်တယ်လို့တော့ မြင်ပါတယ်။

မေး။ ညီနောင်မဟာမိတ်အဖွဲ့တွေကိုယ်တိုင် ဒီလောက် မြန်မြန်စခန်းတွေသိမ်းနိုင်မယ်လို့ ကြိုသိထားလား ။

ဖြေ။မြန်မယ်လို့ထင်ထားခဲ့ပေမယ့် အခုလို ဒီလောက်မြန်မယ်လို့ မထင်ထားခဲ့ပါဘူးဗျ။

မေး။၁၀၂၇ စစ်ဆင်ရေး အပေါ် နိုင်ငံတစ်ဝန်းက ပြည်သူတွေ ၊တော်လှန်ရေးအဖွဲ့တွေက အားပေး၊ထောက်ခံ၊ဝန်းရံကြတာတွေ့ရပါတယ်။ အခုလို အားပေး ၊ထောက်ခံကြတာတွေက စစ်ဆင်ရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိစေပါလဲ ။

ဖြေ။ဦးစွာ ဒီပြည်သူလူထုရဲ့ ထောက်ခံမှု အပေါ်ကို အထူးကျေးဇူးတင်ပါတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ တော်
လှန်ရေးအဖွဲ့အစည်းတွေက ပြည်သူလူထုရဲ့ ထောက်ခံမှု ရှိမှပဲ အသက်ရှင်နိုင်မယ်။ ပြီးတော့ တိုက်ရည်ခိုက်ရည်လည်း ပိုမိုတိုးတက်လာနိုင်တာပေါ့။

မေး။ စစ်ဆင်ရေး ၁၀၂၇ ကို စစ်ကောင်စီကကိုးကန့်မိသားစုမျိုးနွှယ်ချင်း ပြသာနာဆိုပြီးဝါဒဖြန့်လာပါတယ် ။ဒီအပေါ် ဘယ် လိုတုံ့ပြန် ပြောကြားလိုပါသလဲ ။

ဖြေ။ မိသားစုအချင်းချင်း ကြားဖြစ်နေတဲ့ ပြဿနာလို့ ဆိုတာကိုတော့ လုံး၀မဟုတ်ပါဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ဒီတစ်ခေါက် ၁၀၂၇ စစ်ဆင်ရေးကြီးရဲ့ ရည်
ရွယ်ချက် ရည်မှန်းချက်တွေကိုလည်း ကျနော်တို့ထုတ်ပြန်ပြောဆိုလိုက်ပါပြီ။ ဒါက ကျနော်တို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ စစ်ဆင်ရေးကြီးဖြစ်ပါတယ်။

မေး။၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ဆိုရင် ရင် နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားပေါင်းစုံနဲ့ ထပ်ဖွဲ့စည်းထားတဲ့ တပ်မ ၆၁၁ ပါတာတွေ့ရသလို ၊TNLA ဆိုရင်လည်း PDF တွေနဲ့ ပူးပေါင်းစစ်ဆင်နွှဲနေတာတွေ့ရတယ် ။အခုတိုက်ပွဲတွေတိုက်နေရင်း PDF တွေရဲ့ တိုက်ရည်ခိုက်ရည်ရယ် ၊စိတ်ဓါတ် ပိုင်းအပေါ် ဘယ်လိုမြင်လဲ ။

ဖြေ။ကျနော်တို့နဲ့အတူတူ တိုက်ပွဲဝင်လာတဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့ အထူးကျေးဇူးတင်တယ်။ ပြီးတော့ ကျနော်တို့ စစ်ဆင်ရေးကို ထောက်ခံကြောင်း ကြိုဆိုကြောင်း ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ကိုထုတ်တဲ့ အဖွဲ့အစည်းတွေကိုလည်း အားလုံးကျေးဇူးတင်ပါတယ်။ ဒီစစ်ဆင်ရေးကြီးမှာ ပူးပေါင်းပါဝင် ဆင်နွှဲလာတဲ့ အခြားအဖွဲ့အစည်းတွေရဲ့ တိုက်ရည်ခိုက်ရည်ကိုတော့ တော်တော်လေး လေးစားမိပါတယ်။ တော်တော်လေးလည်းအားကိုးရပါတယ်။

မေး။ MNDAA က စစ်ဆင်ရေးစတဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက် ၅ ချက်နဲ့ စစ်ဆင်ရေးအကြောင်း ပြည်သူတစ်ရပ်လုံးကို အိတ်ဖွင့်ပေးစာပေးပြီးအသိပေးထားပါတယ် ။ညီနောင်မဟာမိအဖွဲ့တွေအနေနဲ့လည်းကြေညာချက်ထုတ်ပြန်ထားတာတွေ့ရပါတယ်။ဒါပေမယ့် ပြည်သူတွေက ညီနောင်မဟာမိတ်အဖွဲ့တွေအနေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပြီးရင် စစ်ကောင်စီကိုတိုက်နေတာ​တွေကိုရပ်လိုက်မှာကိုစိုးရိမ်နေကြပါတယ် ။ဒီစစ်အုပ်စုရှိနေသ၍ နိုင်ငံမှာ ဘက်ပေါင်းစုံပြသာနာရှိနေမှာမို့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ ညီနောင်အဖွဲ့တွေကို တိုက်ပေးစေချင်ကြတာပါ။ဒီအတွက် ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးချင်ပါလဲ ။

ဖြေ။ဒါကိုတော့ပြည်သူလူထု တစ်ရပ်လုံးက စိတ်ချထားလို့ရပါတယ်ဗျ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ဖွဲ့လည်း ၁၀၂၇ စစ်ဆင်ရေးထုတ်ပြန်ကြေညာချက်မှာပါတဲ့ ရည်
မှန်းချက်ကို ဖော်ဆောင်နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ ပြီးတော့ ပြည်သူလူထု တစ်ရပ်လုံးနဲ့အတူ စစ်အာဏာရှင်ကို အမြစ်ပြုတ်ချေမှုန်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ကြီးကို အတူတကွ ထူထောင်သွားမှာပါ။

မေး။ ညီနောင်သုံးဖွဲ့အနေနဲ့ အခု စစ်ဆင်ရေးကနေတဆင့်နွေဦးတော်လှန်ရေး အောင်ပွဲရတဲ့အထိ ပူးပေါင်းဆောင်
ရွက်သွားဖို့ရှိလား။ဒါနဲ့ပတိသပ်ပြီး သတင်းစကားပေးလိုတာ ရှိပါသလား။

ဖြေ။ ခုနက ပြောခဲ့တဲ့အတိုင်း ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ။ ။

ကျေးဇူးတင်ပါတယ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *