စစ်ကောင်စီက လက်သပ်မွေးထားသည့် လူမိုက်ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် လူမိုက်အဖွဲ့ကို ညတွင်းချင်းဖမ်းမိသော်လည်း ပြန်လည်လွှတ်ပေး
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့ညပိုင်းက ပျူစောထီး ခေါင်းဆောင်ဆိုသူ လူမိုက်ကျော်ဝင်းစိန် သတ်ဖြတ်ခံခဲ့ရပြီး သတ်ဖြတ်ခဲ့သူများကို ညတွင်းချင်း (ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၁ နာရီခန့်) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ကြေးစားလူမိုက်အချင်းချင်း ရန်ညှိုးထားပြီး လူမိုက်ကျော်ဝင်းစိန် အလာတွင်စောင့်၍ ဓားဖြင့်ခုတ်ကာ ကျော်ဝင်းစိန်က မလုပ်ရန် တောင်းပန်ခဲ့သော်လည်း မသေမချင်း ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အားလုံးအဖမ်းခံလိုက်ရတာက ရှစ်ယောက် ကျော်ဝင်းစိန်ကိုသတ်ပြီး ပြန်အထွက်မှာ စစ်ကောင်စီတပ် ပတ်ကင်းနဲ့ တိုးပြီးအဖမ်းခံလိုက်ရတာ။ ပတ်ကင်းမှာတော့ အမှတ် (၂၃) ကြည်မြင်တိုင်ရဲစခန်းက ရဲတွေပါ ပါတယ်။ ဖမ်းဆီးထားတဲ့ သူတွေကို ကြည့်မြင်တိုင် ရဲစခန်းအချုပ်ထဲထည့်ပြီးညတွင်းချင်းစစ်ဆေးတာတွေလုပ်ခဲ့တယ်” ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
လူမိုက်ခေါင်းဆောင် ကျော်ဝင်းစိန်ကို လူမိုက်ခေါင်းဆောင် ရဲမျိုးသိန်း (ခ) ငမျိုး တို့အဖွဲ့မှ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ကြည့်မြင်တိုင်၊ ကျောင်းကြီးလမ်း ဘုန်းကြီးကျောင်းအနီးရှိ ရေတွင်းပျက်နားတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူမိုက်ခေါင်းဆောင် ရဲမျိုးသိန်း (ခ) ငမျိုးသည် ကြည့်မြင်တိုင် စံပြငါးစျေးတွင် “ကရုဏာနှလုံးသား” လူမှုဖူလုံရေးနှင့် သာသနာရေးထောက်ပံ့မှု ပရဟိတအသင်းကို တည်ထောင်ထားသူဖြစ်ကြောင်း သိရသည်။
“ညတွင်းချင်းပဲဖမ်းမိတာ။ လုပ်တာက လူမိုက်အဖွဲ့ခေါင်းဆောင် ငမျိုးတို့အဖွဲ့ပဲ။ အဖမ်းခံရတာက ကျောင်းကြီးလမ်း ဘုန်းကြီးကျောင်းနားက ရေတွင်းပျက်အနားမှာ။ ဘယ်လိုတွေညှိပြီးပြန်လွှတ်ထားလည်းမသိဘူး။ အရေးယူမယူတော့ မသိရဘူး။ အခုတော့ ရဲစခန်းထဲကအချုပ်မှာမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီသည် ရန်ကုန်မြို့ရှိ ကြေးစားလူမိုက်တွေကို လက်သပ်မွေးထားပြီး လူသိရှင်ကြား မသေမချင်း လူသတ်မှုကျူးလွန်ခဲ့သည့် လူမိုက်များကိုပါ ညှိနှိုင်း၍ လူသတ်တရားခံများကို ပြန်လည်လွှတ်ပေးထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
မသေမချင်း ဓားဖြင့်ထိုးသတ်ခံခဲ့ရသည့် လူမိုက်ခေါင်းဆောင် ကျော်ဝင်းစိန်သည် ရာဇ၀တ်မှုပေါင်းများစွာကျူးလွန်ထားသူဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဖမ်းဆီး၍ ထောင်ဒဏ် ၇၅ နှစ်ကျော် ချမှတ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ် မြောက်လာကာ စစ်ကောင်စီ၏ စေခိုင်းမှုများကို လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
ထို့အတူ လူမိုက် ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် လူမိုက်ခေါင်းဆောင် ရဲမျိုးသိန်း (ခ) ငမျိုးသည်လည်း ၂၀၁၁ ခုနှစ်က မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ(၆)လမ်းထိပ်ရှိ (6 STAR) အရက်ဆိုင်ရှေ့တွင် လူတစ်ဦးကို ဓားဖြင့်ခုတ်ခဲ့သည့် တရားခံပြေးတစ်ဦး ဖြစ်ကြောင်း သိရသည်။
ရဲမျိုးသိန်း(ခ)ငမျိုးသည် ရန်ကုန်မြို့တွင် အင်အားတောင့်တင်းသည့် ကြည့်မြင်တိုင် ငါးစျေး လူမိုက်အုပ်စု၏ ခေါင်းဆောင်ဖြစ်ပြီး ၎င်း၏ ပရိဟိတအသင်းတွင် လူမိုက်များကို အဖွဲ့ဝင်အဖြစ် ထည့်သွင်း ထားကြောင်း သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် တော်လှန်ရေးလုပ်ဆောင်နေသူများကို နှိမ်းနင်ရာတွင် အသုံးချရန်အတွက် နယ်မြေခံလူမိုက်များကို လက်သပ်မွေးမြူခဲ့၍ လူမိုက်အင်အားစုများ ပိုမိုတောင့်တင်းလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
Leave a Reply