အမြန်လမ်းကို စိုးမိုးခြင်း

မြန်မာနိုင်ငံမှာ အမြန်လမ်းမကြီး တခုသာရှိပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန် နဲ့ အထက်မြန်မာပြည်မြို့တော် မန္တလေးကို ဆက်သွယ်‌ပေးထားတဲ့ အမြန်လမ်းဖြစ်တယ်။ အဲဒီလမ်းမကြီးကနေပဲ ကုန်စည် ကူးသန်းမှု၊ သွားလာမှု နဲ့ စစ်ရေးအရ တပ်ရွှေ့ပြောင်းမှုတွေကို အဓိက လုပ်ဆောင်နေရပါတယ်။

နိုင်ငံရဲ့ တောင် နဲ့ မြောက် ဒေသတွေကို ဆက်သွယ်ပေးထားပြီး နိုင်ငံအလယ်ပိုင်းမှာ မဟာဗျူဟာမြောက်တည်ရှိနေတာပဲဖြစ်ပါတယ်။ စစ်တိုက်တဲ့အခါ ဆက်သွယ်ရေးလမ်းကြောင်း (Line of Communication) တွေကို ထိန်းချုပ်နိုင်သူကပဲ အသာစီးရလေ့ရှိပါတယ်။

ယခုအခါ နိုင်ငံရဲ့ အရေးကြီးလှတဲ့ အမြန်လမ်းမကြီး အနီးမှာပါ ပြည်သူ့ ကာကွယ်ရေး တပ်မတော် နဲ့ မဟာမိတ်အဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေသလို အမြန်လမ်းမကြီးနဲ့ ဆက်စပ်ဒေသတွေမှာလဲ မြို့သိမ်း၊ စခန်းသိမ်းပွဲတွေ၊ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေပါပြီ။

အမြန်လမ်းဆက်စပ်ဒေသလို့ ပြောလို့ရတဲ့ လမ်းမကြီးရဲ့ အရှေ့ဘက်ဖြစ်တဲ့ စစ်တောင်းမြစ်ဝှမ်းဒေသစစ်ဆင်ရေး တိုးမြှင့်ရေး (ဖားစည်ဟိန်းသံ) နဲ့ ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး လုပ်ဆောင်မယ်လို့ တောင်ပိုင်းတိုင်းဒေသ၊ အမှတ် (၂) စစ်ဒေသကွပ်ကဲရေး ရုံးက ဒီဇင်ဘာလ (၈) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

🔺 အမြန်လမ်းမ နဲ့ (၂) မိုင်သာ ကွာတဲ့ ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို ဒီဇင်ဘာ (၁၃) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး နဲ့ မဟာမိတ် အဖွဲ့တွေ သိမ်းပိုက်ဖျက်ဆီးနိုင်လိုက်ပါတယ်။ စခန်းတွင်းမှာ ရန်သူ့ အင်အား (၆၀) လောက်ရှိတဲ့ အနက်က (၃၀) ခန့် ကို ရှင်းလင်းနိုင်ခဲ့ပြီး ကျန် (၃၀) ခန့် ထွက်ပြေးသွားခဲ့ကာ လက်နက် (၁၁) လက်နက် နဲ့ ကျည် (၆၀၀) ခန့် သိမ်းယူနိုင်ခဲ့ပါတယ်။

🔺 ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဘုရားငါးဆူ ရဲကင်းစခန်းကိုလဲ ဒီဇင်ဘာ (၁၂) ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ (၇) ဦး သေဆုံးခဲ့ပါတယ်။

🔺 ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲမှာလဲ ရန်သူ့ တပ်သား (၇၀) သေဆုံးပြီး လက်နက် အမြောက်အများ သိမ်းယူရရှိခဲ့ပါတယ်။

🔺 ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်းမြို့ထဲမှာရှိတဲ့ စစ်ကောင်စီ တပ်တွေကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် နဲ့ ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ (၅) ရက်နေ့က သွားရောက် တိုက်ခိုက်ခဲ့သလို ယနေ့ ဒီဇင်ဘာလ (၂၆) ရက်နေ့မှာတော့ မြို့ကိုတိုက်ခိုက်သိမ်းပိုက်မိ အခြေအနေရှိနေပါပြီ။

အထက်ပါ ဖြစ်စဥ်တွေကို ကြည့်ရင် အမြန်လမ်း အနီး နဲ့ လမ်းမအနီး ဆက်စပ်ဒေသတွေမှာ တိုက်ပွဲတွေကို ဆက်တိုက်ဖော်ဆောင်ပြီး အမြန်လမ်းမကြီးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ မဟာမိတ် အဖွဲ့တွေ လွှမ်းမိုးထားတာ သိသာပါတယ်။

မကြာခင်ကာလ မှာ အမြန်လမ်းမဒေသအများစု ကို တော်လှန်ရေး အင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်မှု ပိုမို ကြီးမားလာပြီး အကြမ်းဖက်စစ်တပ်ရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုဖြတ်တောက် ပိတ်ဆို့လာနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *