စစ်တပ်ထဲ ဝင်ပြီးမှ လက်နက်နဲ့ အလင်း ဝင်မယ်တို့၊ သူ့လက်နက်နဲ့ သူ့ပြန်ဆော်မယ်တို့ ဆိုတဲ့ အတွေးတွေ ခဏ မေ့ထား

စစ်ကောင်စီဟာ ရခိုင်ကိစ္စနဲ့ အကြီးအကျယ် စိတ်ဓာတ် ပျက်နေတဲ့ သူ့လူတွေကို အာရုံလွှဲဖို့ စစ်မှု မထမ်းမနေရ ဥပဒေကို အတည်ပြု လိုက်ပါပြီ။

ဒီဥပဒေကို သန်းရွှေ လက်ထက် ကတည်းက ရေးဆွဲခဲ့တာ ဖြစ်ပေမယ့် သိန်းစိန် လက်ထက်မှာရော၊ NLD အစိုးရ လက်ထက်မှာပါ အတည်မပြု ခဲ့ကြပါဘူး။

အဘက်ဘက်မှာ အရှုံးတွေနဲ့ ရင်ဆိုင် နေရတဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ လက်ထက်မှာမှ သွေးရူးသွေးတမ်းနဲ့ အတည်ပြု အသက်သွင်း လိုက်တာ ဖြစ်ပါတယ်။

ဒီနေရာမှာ စစ်တပ်ထဲ ဝင်ပြီးမှ လက်နက်နဲ့ အလင်း ဝင်မယ်တို့၊ သူ့လက်နက်နဲ့ သူ့ပြန်ဆော်မယ်တို့ ဆိုတဲ့ အတွေးတွေ ခဏ မေ့ထားပါ။

စစ်မှုထမ်း ဥပဒေကြောင့် စစ်ထဲ မဖြစ်မနေ ဝင်လာတဲ့ သူတွေကို စခတွေက သူတို့လူ ဆိုပြီး ယုံယုံကြည်ကြည်နဲ့ လက်နက် ပေးကိုင်မယ် ထင်လို့လား။

သူတို့ဘက်က အားတက် သရော ဝင်တိုက်ပေး နေတဲ့ ပျူတွေကိုတောင် မီးကျိုး မောင်းပျက်တွေ ပေးပြီး လူသားဒိုင်း လုပ်နေတာ မမေ့ပါနဲ့။

ဒီဥပဒေက အင်အား အကြီးအကျယ် ပြုန်းတီး နေတဲ့ သူတို့စစ်တပ် အတွက် အထုပ်သယ်၊ မိုင်းရှင်း လုပ်ဖို့ တရားဝင် ပေါ်တာ ဆွဲတဲ့ သဘောပါပဲ။

ဒီဥပဒေဟာ တနည်းအားဖြင့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အတွင်း လူငယ်တွေကို အချက်ပေး ခေါင်းလောင်း ထိုးလိုက်တာပါပဲ။

(ပညာရှင်ဆို ၄၅ နှစ် အထိ အကျုံးဝင်ပါတယ်)

အကြမ်းဖက် စခတပ်ထဲ ဝင်မလား၊ PDF ထဲ ဝင်မလား ဆိုတဲ့ လမ်းနှစ်သွယ်ထဲက တစ်ခုခုကို လူငယ်တိုင်း မဖြစ်မနေ ရွေးချယ်ရ ပါတော့မယ်။

မိဘတွေလည်း စဉ်းစားကြပါ။

အရင်လို တော်လှန်ရေးနဲ့ မဆိုင်သလို နေလို့ မရတော့ပါဘူး။

ခေတ်ဆိုးကြီးက ကိုယ့်ရဲ့ အိမ်တံခါးကို ခေါက်လာပြီပဲ ဖြစ်ပါတယ်။

Zin Thaw Naing


Comments

Leave a Reply

Your email address will not be published. Required fields are marked *