ဗိုလ်ချုပ်ရာပြည့်၏ တရုတ်ခရီးစဉ်မှာ ကျားဖြန့်ကိစ္စတင်ပြရေး ဖြစ်ဖွယ်ရှိ

ထိပ်တန်း စစ်အရာရှိတချို့၊ ကြံ့ခိုင်ရေးပါတီအမတ်တချို့ကို ဖမ်းပေးခဲ့ရပြီးနောက် ကျားဖြန့်ကိစ္စ ကိုင်တွယ်ရသည့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး တရုတ်ပြည် ရောက်နေသည်။

စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ရာပြည့်သည် တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong ၏ ဖိတ်ကြားချက်အရ ယမန်နေ့မှစတင်ပြီး တရုတ်သို့ အလုပ်သဘောခရီးအဖြစ် ၅ ရက်ကြာ သွားရောက်နေသည်ဟု စစ်ကောင်စီထုတ်သတင်းစာများက ယနေ့ (ဧပြီ ၂၅) တွင် ရေးသားကြသည်။

ဖိတ်ခေါ်သည့် တရုတ်ပြည်သူ့လုံခြုံရေးဌာနသည် ကျားဖြန့်တိုက်ဖျက်ရေးတွင် အဓိကအကျဆုံးဌာနဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က တရုတ်သံအမတ်ကြီး ချန်းဟိုင်သည် နေပြည်တော်တွင် ဒုဗိုလ်ချုပ်ကြီးရာပြည့်နှင့် တွေ့ဆုံခဲ့ပြီး ကျားဖြန့်နှိမ်နှင်းရေး ဆက်လက်အရှိန်မြှင့်ရန် တရုတ်အစိုးရထံမှ သတိပေးချက်ကို လက်ဆင့်ကမ်းခဲ့သည်။

ထို့နောက် သီတင်းနှစ်ပတ်အကြာတွင် စစ်ကောင်စီပြည်ထဲရေးဝန်ကြီး၏ တရုတ်ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းနှင့်အတူ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးတို့လည်း လိုက်ပါသွားသည်။

Myanmar Now ၏ သတင်းအရင်းအမြစ်များ၏ အဆိုအရ ဗိုလ်ချုပ်ရာပြည့်သည် တရုတ်မှ ပေးသည့် ကျားဖြန့်နှိမ်နင်းရေးအတွက် ဆုတံဆိပ်တစ်ခုကိုလည်း ယခုခရီးစဉ်တွင် လက်ခံရယူဖွယ်ရှိသည်ဟု သိရသည်။

ထို့ပြင် စစ်ကောင်စီဘက်က တရုတ်ဖိအားအောက် ဆောင်ရွက်နေရသည့် ကျားဖြန့်နှိမ်နှင်းရေးအစီအမံများကိုလည်း တရုတ်ဝန်ကြီးထံ အစီရင်ခံရမည်ဟု စုံစမ်းသိရသည်။

စစ်ကောင်စီသည် တရုတ်တောင်းဆိုမှုကြောင့် ကျားဖြန့်သံသယဖြင့် ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို မတ်လအတွင်းတွင်လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို ဧပြီလအတွင်းတွင်လည်းကောင်း ဖမ်းဆီးပေးခဲ့ရသည်။

ထို့ပြင် စစ်ခေါင်းဆောင်၏ အကြံပေး ဒုဗိုလ်ချုပ်ကြီးညိုစောကိုလည်း ကျားဖြန့်သံသယဖြင့် ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသည်။

တရုတ်အစိုးရ၏လက်ထဲတွင်လည်း စစ်ကောင်စီက ဖမ်းဆီးပြီးနောက် လက်လွှဲပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ် ၄ ဦးထက်မနည်းနှင့် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အရာရှိများ ရှိနေသည်။

စစ်ကောင်စီပြည်ထဲရေးဝန်ကြီးကို ဖိတ်ကြားသည့် တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဝန်ကြီးသည် မြန်မာနိုင်ငံထဲမှ စစ်ကောင်စီကျောထောက်နောက်ခံပေးထားသည့် ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရာတွင် အဓိကအကျဆုံး တရုတ်အရာရှိဖြစ်သည်။

ယမန်နှစ်က ကျားဖြန့်တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပြင်းထန်နေချိန် ၂၀၂၃ အောက်တိုဘာ ၃၁ တွင် နေပြည်တော်သို့ ရောက်လာပြီး ကျားဖြန့်တိုက်ဖျက်ရေးအတွက် စစ်ခေါင်းဆောင် အပါအဝင် စစ်ဗိုလ်ချုပ်အများအပြားနှင့် တွေ့ဆုံခဲ့သေးသည်။

၂၀၂၃ နှစ်လယ်မှစ၍ တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ရှိ တရုတ်ရာဇဝတ်ဂိုဏ်းတို့၏ ငွေလိမ်ဂိုဏ်များကို တရုတ်အစိုးရက အရှိန်အဟုန်ဖြင့် နှိမ်နင်းခဲ့ပြီး ငွေလိမ်ဂိုဏ်းခေါင်းဆောင်တချို့အပါအဝင် အများအပြားကို တရုတ်ထံသို့ လွှဲပြောင်းပေးခဲ့ရသည်။ သံသယတရားခံ စုစုပေါင်း ၄၈၀၀၀ ကို လွှဲပြောင်းပေးပြီးဖြစ်ကြောင်း တရုတ်အစိုးရ၏ ဆင်ဟွာသတင်းဌာနက ဧပြီ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လောက်ကိုင်ဒေသက ငွေလိမ်ဂိုဏ်များပြိုလဲသွားမှုနှင့်အတူ ငွေလုပ်ငန်းများမှာ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ပြောင်းရွှေ့သွားသလို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ဝဒေသနှင့် မိုင်းလားဒေသတို့တွင်လည်း ဆက်လက်လုပ်ကိုင်နေကြသည်။

သို့သော် တရုတ်ရာဇဝတ်ဂိုဏ်းအများအပြားသည် ငွေလိမ်လုပ်ငန်းများဆက်လက်လုပ်ကိုင်ရန် စစ်ကောင်စီတပ် သစ္စာခံထားသော ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေအတွင်း အလုံးအရင်းဖြင့် ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်ဟု အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျု (USIP) အဖွဲ့၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

ထိုရေးသားချက်နှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးစောချစ်သူ၏ တုံ့ပြန်ချက်ကို ရယူနိုင်ခြင်း မရှိသေးပေ။

ထိုလုပ်ငန်းများလည်ပတ်ရေးအတွက် လျှပ်စစ်မီးနှင့် အင်တာနက်ရရှိရေး BGF က ဆောင်ရွက်ပေးကာ အကျိုးအမြတ်များစွာရရှိနေသလို အာဏာသိမ်းစစ်တပ်ကလည်း ငွေလိမ်လုပ်ငန်းများကနေ အမြတ်အစွန်းများရရှိနေကြောင်း ထိုဆောင်းပါးတွင် ဖော်ပြထားသည်။

ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ် BGF က ရရှိသည့် အမေရိကန်ဒေါ်လာ ၁၉၂ သန်းထဲမှ စစ်ကောင်စီတပ်ကလည်း ၅၀ ရာခိုင်နှုန်းရရှိနေသည်ဟု ထိုဆောင်းပါးတွင် ရေးသားထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *