လိင်အသားပေး ရိုက်ကူးထားခြင်းကြောင့်ဟုဆိုကာ “အချစ်ခံကြည့်” သီချင်းဗီဒီယိုတွင် ပါဝင်သရုပ်ဆောင်ထားသူ ဗညားဘုန်းပြည့်နှင့် အခြားနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့်လိုက်သည်။
သရုပ်ဆောင် ဗညားဘုန်းပြည့်ကို မေလ ၇ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သည့် “တခုတ်တရ” ဇာတ်ကား အထူးပြပွဲညတွင် စစ်ကောင်စီလက်အောက်ခံ ရဲများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိထားသူ တဦးကပြောသည်။
ယင်းနောက် “အချစ်ခံကြည့်” သီချင်းဗီဒီယိုအတွက် ဇာတ်ညွှန်းရေးသားသူ ရွှေစုနှင့် ရိုက်ကူးသူ ဒါရိုက်တာ Kina တို့ကိုလည်း အဆိုပါသီချင်းဗီဒီယို ရိုက်ကူးမှုနှင့် ဆက်စပ်ပြီး စစ်ကောင်စီက ထပ်မံဖမ်းဆီးကာ အမှုဖွင့်လိုက်ကြောင်း ဆိုသည်။
“အဲ့ဒီ့သီချင်းနဲ့ ပတ်သက်ပြီး ဗညားဘုန်းပြည့်ကို မေလ ၇ ရက်နေ့က လုပ်တဲ့ “တခုတ်တရ” ဇာတ်ကား အထူးပွဲပြတဲ့ ညမှာပဲ ရဲတွေဖမ်းသွားတာ။ အဲ့ဒီနောက် စစ်ဆေးနေတဲ့ အချိန်မှာပဲ တကယ် ထုတ်လုပ်တဲ့သူ ဖူးပွင့်သခင်က တိမ်းရှောင်နေလို့ ဇာတ်ညွှန်းရေးတဲ့ ရွှေစုနဲ့ ဒါရိုက်တာ Kina ကို ထပ်ဖမ်းသွားတာ” ဟု ၎င်းတို့နှင့် နီးစပ်ပြီး ဖြစ်စဉ်သိရှိထားသူ တဦးကပြောသည်။
အဆိုတော် မင်းစည်သူရေးသားထားသော “အချစ်ခံကြည့်” သီချင်းကို ဖူးပွင့်သခင်က သီဆိုထားခြင်းဖြစ်ပြီး သရုပ်ဆောင်အဖြစ် သီချင်းသီဆိုထားသူ ဖူးပွင့်သခင်နှင့် ဗညားဘုန်းပြည့်တို့ ပါဝင်သရုပ်ဆောင်ထားသည်။
လက်ရှိမှာ သီချင်းသီဆို၊ ထုတ်လုပ်သူ ဖူးပွင့်သခင်နှင့် တေးရေးမင်းစည်သူတို့မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
တေးရေးဖြစ်သူ မင်းစည်သူက “အချစ်ခံကြည့်သီချင်း” ကို ထုတ်လုပ်သူမှာ ဖူးပွင့်သခင် ဖြစ်သည့်အတွက် လက်ရှိဖြစ်နေသည့် ကိစ္စများအပေါ် တာဝန်ယူပေးရန် ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် မေလ ၁၃ ရက်နေ့က ရေးသားခဲ့သည်။
“ဖူးပွင့်သခင် ညီမလေး နင်ကိုယ်တိုင် ထွက်ရှင်းပေးသင့်တယ်လို့ ငါ ထင်တယ်။ တယောက်တည်း အတွက်ပဲ ရုန်းဖို့ ကြိုးစားဖို့ မလုပ်ပါနဲ့။” ဟု မင်းစည်သူက ပြောသည်။
လက်ရှိတွင် သရုပ်ဆောင် ဗညားဘုန်းပြည့်၊ ဇာတ်ညွှန်းရေးသားသူ ရွှေစုနှင့် ဒါရိုက်တာ Kina တို့ကို ပုဇွန်တောင်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) သည် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခုနစ်နှစ် ချမှတ်နိုင်သည့် ပုဒ်မလည်း ဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများ၏ အရှက်နှင့် ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့် ကိစ္စရပ်မျိုး လုပ်ဆောင်လျက်ရှိသူများအား စိစစ်ဖော်ထုတ်ပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားသည်။
“အနုပညာလောကမှာလည်း ဒီဥပဒေကို သရုပ်ဆောင်တွေ တော်တော်များများက ကြောက်နေကြတယ်။ တချို့ဆို ရိုက်ပြီးသား သီချင်းဗီဒီယိုတွေကိုတောင် မထုတ်ရဲသေးလို့ ပြန်စစ်နေတယ်လို့တောင် ကြားတယ်” ဟု အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။
အဆိုပါ ဥပဒေပုဒ်မဖြင့် နာမည်ကြီး မော်ဒယ်သရုပ်ဆောင် သင်ဇာဝင့်ကျော် အပါအဝင် သရုပ်ဆောင်အချို့နှင့် သီချင်းသီဆိုသူအချို့လည်း ဖမ်းဆီးခံထားရကာ သင်ဇာဝင့်ကျော်မှာ လက်ရှိအချိန်အထိ ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်သည်။
“ဒီဥပဒေက ကောင်းတာလည်းရှိသလို မကောင်းတာလည်းရှိတယ်။ မကောင်းတာကတော့ ရှင်းရှင်းလေး ကျွန်တော်တို့ လုပ်ရကိုင်ရတာ နည်းနည်း ကြပ်တယ်။ ကောင်းတာက အခုကာလမှာ ပေါ်လာတဲ့ MTV တွေက တလွဲတွေကြီးပဲ။ ထွက်ထားတဲ့ ဗီဒီယိုတွေကိုကြည့်ပါ။ ပေါက်ပန်းတွေ အများကြီးထွက်လာတော့ အဲ့ဒီ ဥပဒေနဲ့ ထိန်းမှပဲရမယ်လို့ ထင်ပါတယ်။ မဟုတ်ရင် ပိုဆိုးလာတာပဲ ရှိမယ်” ဟု အမည်မဖော်လိုသည့် ရုပ်ရှင်ရိုက်ကူးသူ တဦးက မှတ်ချက်ပေးသည်။
ပြီးခဲ့သည့် ဧပြီလကလည်း အဆိုတော် မေသူ၏ “ဘီယာဗိုက်” သီချင်းသည် မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖီသည်ဟုဆိုကာ သီချင်းတွင် ပါဝင်သူ ငါးဦးကို စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့်ခဲ့သည်။
Leave a Reply