ဒီမိုကရေစီ ခရီးကြမ်းပေါ်က ၇၉ နှစ်ပြည့်မွေးနေ့

“ဒီမိုကရေစီ ခရီးကြမ်းပေါ်က ၇၉ နှစ်ပြည့်မွေးနေ့”

၁။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနည်းကျ လူထုရွေးချယ်ထားတဲ့ခေါင်းဆောင်ဖြစ်တယ်။

၂။ သူ့ကိုစစ်တပ်က မတရားဖမ်းဆီးပြီး ထောင်ချထားတယ်။ အကျဉ်းသားတဦးရသင့်တဲ့ အခွင့်အရေးတွေ မရဘူး။

၃။ အသက် (၇၉)နှစ်ရှိပြီ။ ကျန်းမာရေး စိုးရိမ်ရတယ်။

၄။ သူ့ကိုဖမ်းဆီးထားမှုဟာ မြန်မာပြည်မှာ အာဏာသိမ်းစစ်တပ်က လူ့အခွင့်အရေး ချိုးဖေါက်ပြီး လူမဆန်မှုတွေ ကျူးလွန် နေတာကို သက်သေပြနေတာလည်း ဖြစ်တယ်။

၅။ သူ့ကို မီးမောင်းထိုးခြင်းဟာ မြန်မာ့အရေးကိုလည်း ထင်ရှားစေတယ်။

ဒီလိုစသဖြင့်အချက်တွေကြောင့် ဖမ်းဆီးခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၇၉)နှစ်ပြည့် မွေးနေ့နဲ့ ပတ်သက်ပြီး အမှတ်တရ လှုပ်ရှားမှုတွေမြင်ရကြားရတယ်။

တချို့က သွေးလှူကြမယ်၊ တချို့က စစ်ဘေးဒုက္ခသည်တွေကို အစားအစာတွေကျွေးမွေးကြတယ်၊ တချို့က အမှတ်တရ ချီတက်လမ်းလျှောက်ပြီး အင်အားပြကြမယ်။

တချို့က ဟောပြောပွဲတွေကျင်းပပြီး မြန်မာပြည်အခြေအနေကိုပါ ကမ္ဘာကသိအောင် ကျွဲကူးရေပါဖေါ်ထုတ်ကြတယ်။ တချို့က အလှူအတန်းလုပ်ကြ၊ သနပ်ခါးလိမ်းကြ ပန်းပန်ကြ၊ သူလွတ်မြောက်ဖို့ ဆုတောင်းကြမယ်။

နိုင်ငံရေးအရရော လူမှုရေးအရပါ အဓိပ္ပါယ်အင်မတန်ရှိတဲ့ လှုပ်ရှားမှုတွေဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကြားမယ်ဆိုရင်လည်း ဝမ်းသာအားရဖြစ်မှာပါ။

ဒါပေမယ့် မွေးနေ့ကိတ်တွေ သီဆိုဖျော်ဖြေပွဲတွေလုပ်တာကတော့ အခုလိုကာလမှာ စဉ်းစားဆင်ခြင်ရမယ့်ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်။

အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်းအဖမ်းခံနေရလို့ ပျော်မှာမဟုတ်သလို ကျနော်တို့လည်း ပျော်စရာမရှိပါဘူး။

တကယ်လို့ အခုအချိန်မှာ သူလွတ်မြောက်နေရင်လည်း တိုင်းပြည်ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပျော်နေမှာမဟုတ်ပါဘူး။

မြန်မာတပြည်လုံး သေတဲ့သူတွေက သေနေကြ၊ ပြေးတဲ့သူတွေက ပြေးနေကြ၊ ငတ်နေတဲ့သူတွေက ငတ်နေကြ၊ ငိုတဲ့သူတွေက ငိုနေကြ။ ကုန်ဈေးနှုန်း တလဟောတက်လို့ ဘဲဥတလုံးစားဖို့ခက်နေတဲ့မိသားစုတွေ၊

လင်သေသားဆုံးလို့ ယူကြုံးမရဖြစ်နေကြသူတွေ၊ မီးရို့ခံရလို့ နေစရာမရှိဖြစ်နေကြသူတွေ၊ လိုအပ်ချက်တွေမပြည့်စုံလို့ တက်ခေါက်နေကြတဲ့ တော်လှန်ရေးသမားတွေ၊ အချိန်မီဆေးကုသခွင့်မရလို့ မဆုံးရှုံးသင့်ပဲ ဆုံးပါးနေရတဲ့အသက်တွေ၊ ကျောင်းပညာနဲ့ ဝေးနေကြတဲ့လူငယ်တွေ၊ CDM တွေအပါအဝင် နယ်စပ်နဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ ဘဝပျက်နေကြတဲ့မြန်မာတွေ၊

ဒီလိုအဖြစ်အပျက်တွေကို ဒေါ်အောင်ဆန်းစုကြည်သိမှာမို့ အခုအချိန်မှာ သူလွတ်မြောက်နေရင်တောင် သူ့ဆီကို မွေးနေ့ကိတ်တခုယူလာပြီး ဟက်ပီးဘတ်ဒေးသီချင်းတွေ ဘုန်းတော်ဘွဲ့တွေရွတ်ဆိုပြတာမျိုးကို ဒေါ်အောင်ဆန်းစုကြည် နှစ်သက်လိမ့် မယ်လို့ မထင်ပါဘူး။

ဘာကြောင့်လဲ ရှင်းပါတယ်။ သူက “လူ” လေ။ သူတယောက်တည်း ကျန်းမာချမ်းသာတာကို မလိုချင်ပဲ မြန်မာပြည်သူအားလုံး ကျန်းမာချမ်းသာတာကို မြင်ချင်လို့ အရာရာကို စွန့်လွတ်ခဲ့ စွန့်လွတ်နေတဲ့လူလေ။ အာဇာနည်နေ့မှာ အိုးစည်ဒိုးပတ်တီးပြီး ကခုန်တာမျိုးတွေ ကျနော်တို့ မလုပ်ကြဖူး မဟုတ် လား။

ကျနော်တို့တိုင်းပြည် အခု ပျက်နေပါတယ်။ လက်ခုပ်လက်ဝါးတီးပြီး ဟက်ပီးဘတ်ဒေး လို့ ကျနော်တို့ အော်ဟစ်နေရမယ့်အချိန် မဟုတ်ပါဘူးခင်ဗျာ။

Credit: ကိုခင်မောင်စ်ိုး


Comments

Leave a Reply

Your email address will not be published. Required fields are marked *