စစ်အာဏာသိမ်းမှုအောက် မြန်မာ့လူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း သုံးနှစ်ကျော်ကြာကာလအတွင်း လူလတ်တန်းစားအဖြစ် ရပ်တည်နေသည့် လူဦးရေသည် ၅၀ ရာခိုင်နှုန်းကျဆင်းသွားပြီး လူဦးရေ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) မှ ယနေ့ (ဇွန်လ ၂၄ ရက်) တွင် ထုတ်ပြန်သည်။

ယင်းသည် နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံ၊ ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း UNDP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းသည်လည်း စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရကြောင်းဖော်ပြထားပြီး နောက်ထပ်လူပေါင်း ၃,၀၀၀,၀၀၀ သန်းခန့်သည်လည်း အိုးမဲ့အိမ်မဲ့အဖြစ် နေရပ်စွန့်ခွာနေကြရသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် အမေ့အပျောက်ခံ အကျပ်အတည်းတခုအဖြစ် ရှိနေသေးကာ ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှ ဖွံ့ဖြိုးရေး အကူအညီသည် အမေရိကန်ဒေါ်လာ ၂၄၃ သန်းမှ ၁၄၃ သန်းအထိ ၄၀ ရာခိုင်နှုန်းကျော် လျော့ကျသွားခဲ့ကြောင်း ဆိုသည်။

တချိန်တည်းမှာပင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေး အစီအစဥ်များလည်း ငွေကြေးထောက်ပံ့မှု ညံ့ဖျင်းနေဆဲဖြစ်ကြောင်း UNDP က ထောက်ပြထားသည်။

UNDP အနေဖြင့် လက်ရှိတွင် လူပေါင်း ၂,၀၀၀,၀၀၀ သန်းကျော်ကို ကူညီနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် လာမည့် ၂၀၂၅ ခုနှစ်အကုန်တွင် လူပေါင်း ၈,၀၀၀,၀၀၀ သန်းခန့်အထိ ကူညီနိုင်ရန်မျှော်လင့်ထားကြောင်း ဆိုသည်။

နိုင်ငံတွင်း စစ်ဘေးဒုက္ခသည်များမှာ စားနပ်ရိက္ခာအခက်အခဲ ကြုံနေရပြီး အဟာရချို့တဲ့မှုနှင့်လည်း ရင်ဆိုင်နေရကြောင်း မကွေးဒေသခံတစ်ဦးကပြောသည်။

“စလေနားက ပခန်းငယ်ရွာကလူတွေ။ ရွာထဲနေမရလို့ မြို့ပေါ်ရောက်လာပြီး စားသောက်စရာမရှိလို့ တအိမ်တက်ဆင်း စားစရာလိုက်တောင်းနေကြရတယ်။ စစ်မှုထမ်းစာရင်းထဲပါတဲ့ကလေးတွေ ဟိုပြေးဒီပြေးနဲ့ ဘဝပျက်ကုန်ပီ” ဟု မကွေးတိုင်း ချောက်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီက အတင်းအဓ္ဓမ စစ်သားသစ် စုဆောင်းမှုသည်လည်း ပြည်သူများ နေ့စဉ်ပုံမှန်လည်ပတ်လုပ်ကိုင်နေမှုကို အနှောက်အယှက်ပြုကာ ရပ်တည်မှုယိုယွင်းစေသည့် တရားခံဖြစ်ကြောင်း ၎င်းက ပြောသည်။

ကမ္ဘာ့ဘဏ်၏ ဇွန်လ ၁၂ ရက်နေ့ထုတ် အစီရင်ခံစာတွင်မှု စစ်အာဏာမသိမ်းမီ ကိုဗစ်ကပ်ရောဂါကာလက ဆင်းရဲမွဲတေမှု လူဦးရေမှာ ၇,၀၀၀,၀၀၀ သန်းသာရှိခဲ့သည်ဟု ဖော်ပြထားသည်။

ယခု ၂၀၂၄ ခုနှစ်အတွင်းတွင်မူ နိုင်ငံလူဦးရေ၏ သုံးပုံတပုံခန့်မှာ ဆင်းရဲမွဲတေနေပြီး ယခင် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဟုလည်း ကမ္ဘာ့ဘဏ်က ဆိုထားသည်။

နယ်စပ်ဒေသ ပဋိပက္ခများကြောင့် ယခု ၂၀၂၄ ခုနှစ်အတွင်းတွင် ကုန်သွယ်စီးဆင်းမှု ပြတ်တောက်နေကာ ယခင်ခုနှစ်များနှင့်နှိုင်းယှဉ်ပါက ကုန်သွယ်ပို့ကုန် ၁၃ ရာခိုင်နှုန်းလျော့ကျသွားပြီး သွင်းကုန်မှာ ၂၀ ရာခိုင်နှုန်းလျော့ကျသွားကြောင်းလည်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *