ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ရွှေမြင်တင်အခြေစိုက်အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်၌ တပ်တွင်းနေထိုင်သူများကို ပိုမိုတင်းကျပ်သည့် အခြေအနေကြောင့် တပ်ပြင်သို့ ပြောင်းရွှေ့နေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များထံက သိရသည်။
တပ်တွင်းနေထိုင်ခွင့်တင်းကျပ်ထားမှု၊ နေ့ရောညပါ လက်နက်မဲ့ကာကင်းစောင့်ရန်စေခိုင်းမှု၊ မိသားစုဝင်များမှ အသက်၁၈ နှစ်ပြည့်ပြီးသူလူငယ်အမျိုးသားများအား စစ်သင်တန်းအတင်းအကျပ်တက်ရောက်ခိုင်းကာရှေ့တန်းသို့စေလွှတ်မှုနှင့် တပ်တွင်းအချင်းချင်းစောင့်ကြည့်စေမှု စသည့်တို့ကြောင့် တပ်တွင်းမိသားစုဝင်များမှာ မြို့တွင်းရပ်ကွက်များနှင့်ကျေးရွာများအတွင်းသို့ နေအိမ်ငှါးရမ်းပြောင်းရွှေ့နေရကြောင်း တပ်တွင်းမိသားစုဝင်များကပြောဆိုသည်။
“ တပ်ထဲမှာ အခုဘယ်လိုမှနေမရတော့ဘူး။ စည်းကမ်းတွေကြပ်ကုန်တာ။ အရင်ကညပိုင်းပဲကင်းစောင့်ခိုင်းတယ်ပေါ့။ အခုကနေ့ဘက်ပါစောင့်ခိုင်းတာ။ တပ်အရှေ့ကင်းမှာ ဘာလက်နက်မှမပေးထားဘူးကင်းစောင့်ခိုင်းတယ်။မစောင့်ချင်ဘူးဆိုရင် အိမ်ကကလေးတွေကိုစောင့်ခိုင်းတာတွေလုပ်တယ်။ နောက်စစ်မှုထမ်းဥပဒေထုတ်လိုက်တာ တပ်အတွင်းက ကလေးတွေပါအလွတ်မပေးတော့ဘူး။ အကုန်သင်တန်းပေးတာ။ တချို့ကလေးတွေဆို မြို့နယ်ကျော်လုံခြုံရေးဆိုပြီးတော့ ရှေ့တန်းတွေရောက်သွားတာ။ ဖုန်းခိုးဆက်မှပဲ သိရတာပေါ့။ အချင်းချင်းလည်းမယုံလို့ စောင့်ကြည့်ခိုင်းတာတွေပါပိုလုပ်လာတယ်။ အထက်အောက်အပြန်အလှန်လေးစားမှုတွေလည်းမရှိတော့ဘူး။ အဲ့လိုမျိုးတွေဖြစ်လို့မနေချင်တော့တာနဲ့ ရပ်ကွက်ထဲရယ်ရွာဘက်တွေမှာအိမ်ကြိုငှားတာတွေလုပ်ထားရတယ်။ကင်းစောင့်ကင်းပြောင်းအချိန်လစ်တာနဲ့တပ်အပြင်ခိုးထွက်ပြီးတော့ရှောင်နေကြရတယ်”ဟု ပုသိမ်မြို့အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်တွင်းမိသားစုဝင်တစ်ဦးကပြောသည်။
ထိုသို့နေအိမ်ငှားရမ်းမှုမှာမြို့တွင်းရှိအမှတ် (၅) ရပ်ကွက်အပါအဝင် မြို့အနီးရှိ ရွာသာယာ၊ ဇင်ပြွန်းကုန်း၊ သရက်ကုန်း၊ ဂွေးချို၊ ကျောင်းကုန်းလေး၊ကြည်သာအရှေ့၊ ကြည်သာအနောက်၊ သစ်ပုတ်ကုန်း၊အင်ကုန်းကြီး၊သရက်တပင်၊အငူကြီး၊ ဗွတ်ကြီး၊ နတ်ပြည်ချော၊ဝါးပိုးတောနှင့်ဌက်ချေးချောင်းစသည့် ကျေးရွာများ၌ဖြစ်ပြီး စစ်ကောင်စီတပ်အရာရှိနှင့်အခြားဆင့်တပ်မိသားစုဝင် ၆၀ ဦးထက်မနည်းပြောင်းရွှေ့လာကြောင်း ဒေသခံများထံကသိရသည်။
“ တပ်ထဲကပြောင်းလာတာမနည်းဘူး။ အိမ်အငှားတွေချည်းပဲတွေ့နေရတယ်။ မြို့ထဲကရပ်ကွက်မှာလည်းအသိတွေတွေ့လို့လှမ်းအသိပေးတာရှိတယ်။ ရွာမှာလည်းလာနေတာတွေ့တယ်။အိမ်အငှားပွဲစားတွေနဲ့ချိတ်ပြီးတော့ကို လာနေကြတာ။ ဘာသဘောနဲ့လာနေမှန်းမသိတော့ သတိထားပြီးစောင့်ကြည့်နေရတယ်”ဟု သရက်ကုန်းကျေးရွာဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။
အလားတူပုသိမ်မြို့ ရှိ ခလရ ၂၇၁ တပ်ရင်းအတွင်လည်း တပ်တွင်းစည်းကမ်းတင်းကျပ်ထားမှုကြောင့် အရာရှိနှင့်အခြားအဆင့်တပ် မိသားစုဝင်များသည် ယခုလအတွင်း တပ်တွင်းနေအိမ်လိုင်ခန်းမှမြို့တွင်းရပ်ကွက်များသို့ လျို့ဝှက်ပြောင်းရွှေ့နေနေထိုင်မှုရှိနေကြောင်း မြို့ခံများထံကသိရသည်။