မြဝတီမြို့နှင့် သင်္ကန်းညီနောင်တို့ကို KNLA က ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကူပေးရန်လေးရက်အတွင်းချီတက်လာမည်ဟု ကြွေးကြော်ခဲ့သော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ယခုတွင် မြဝတီမြို့ကိုမရောက်လိုက်ပဲ တပ်ဆုတ်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွက် မော်လမြိုင်မြို့နှင့် ဘားအံ့မြို့တို့မှ ချီတက်လာသော ဒုချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး”ဟုအမည်ပေး၍ အင်အားရာ၊ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ၃ လခွဲကြာသည်အထိ မြဝတီမြို့သို့မရောက်ဘဲ ဒေါနတောင်မှ တပ်ပြန်ဆုတ်သွားခြင်းဖြစ်သည်။
၎င်းစစ်ကြောင်းသည် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေရာမှ ယမန်နေ့ဇူလိုင် ၂၆ ရက်တွင် ကားအစီးရေ ၁၀ စီး၊ တစ်စီးလျှင် အင်အား ၂၀ ခန့်ဖြင့် ကျုံးဒိုးမြို့ဘက်သို့လည်းကောင်း၊ ကားအစီးရေ ၁၈ စီး တစ်စီးလျှင် အင်အား ၂၀ ခန့်ဖြင့် ဘားအံမြို့ဘက်သို့လည်းကောင်း ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။
အင်အားအများစုတပ်ဆုတ်သွားသော်လည်း လက်ရှိတွင် အင်အား ၂၀၀ နီးပါး ကင်းပုန်းအဖြစ်ကျန်ခဲ့နိုင်ကြောင်း သတင်းရင်းမြစ်မှ သိရသည်။
အောင်ဇေယျစစ်ကြောင်းသည် မြဝတီသို့ လေးရက်အတွင်းအရောက်လာမည်ဟု ကြွေးကြော်ခဲ့သော်လည်း ကရင်ပြည်နယ်သို့ ရောက်ရှိချိန်မှာပင် တော်လှန်ရေးတပ်အသီးသီး၏ တားဆီးတိုက်ခိုက်မှုကြုံခဲ့ရကာ ဒေါနတောင်ပေါ်တွင်ပင် ရာနှင့်ချီသေကြေပျက်စီးခဲ့ကြသည်။
အောင်ဇေယျစစ်ကြောင်းမှာ စတင်စစ်ကြောင်းထိုးပြီး ၃ လခွဲအတွင်း အင်အား ၅၀၀ ကျော်အထိ ထိခိုက်သေဆုံးခဲ့သည်ဟု ခန့်မှန်းရပြီးတော်လှန်ရေးတပ်ဖွဲ့များထံ ထွက်ပြေးအလင်းဝင်လာသူများလည်းရှိခဲ့သည်။
ထို့အပြင်သံချပ်ကာကားများ၊ စစ်ကားများနှင့် လက်နက်ခဲယမ်းများစွာကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်။