လားရှိုးမြို့လယ်ကောင်နေရာအများအပြားကို တော်လှန်ရေးတပ် သိမ်းပိုက်ထား

လားရှိုးမြို့အတွင်းရှိ နေရာအများအပြားကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်ထားသည့်ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ယမန်နေ့ညက ထွက်ပေါ်ခဲ့သည်။

လားရှိးမြို့တော်ခန်းမအပါအဝင် စစ်ကောင်စီတပ်စခန်းတချို့၊ ရဲစခန်း၊ ဆေးရုံ စသည့် နေရာများကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်ထားသည့်ရုပ်သံဖြစ်သည်။ ရုပ်သံကို “လားရှိုးမြို့ကိုသိမ်းပိုက်ခြင်း” ဟု အမည်ပေးထားသည်။

စက္ကန့် ၄၀ ခန့်ရှိ ထိုရုပ်သံတွင် မြို့တော်ခန်းမ၊ အမှတ် (၁) ရဲစခန်း၊ အမှတ် (၉၁၂) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၅၉) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အထွေထွေရောဂါကုဆေးရုံကြီး ခုတင် (၁၀၀)၊ အမှတ် (၆) မူးယစ်တပ်ဖွဲ့ခွဲ၊ လားရှိုးမြို့နယ်မီးသတ်တပ်ဖွဲ့ နေရာများတွင် တော်လှန်ရေးတပ်ဖွဲ့ အလံလွှင့်၍ နေရာယူကြသည်ကို တွေ့ရသည်။

ရုပ်သံမှတ်တမ်းအရ လားရှိုးမြို့လယ်ကောင် နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

မြို့ဧရိယာထက်ဝက်နီးပါးကို MNDAA ထိန်းချုပ်ထားကြောင်း ဒေသခံတချို့ကလည်း အတည်ပြုထားသည်။

လားရှိုးမြို့တွင်းတိုက်ပွဲ ၂၃ ရက်ကြာ ဖြစ်ပွားပြီးနောက် မြို့နယ်အတွင်း အခြေစိုက်ထားသော စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်ပြီးကြောင်း တိုက်ပွဲဦးဆောင်သူ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင် ၂၅ နံနက်တွင် ထုတ်ပြန်ကြေညာသည်။

လားရှိုးမြို့သည် လုံး၀လွတ်မြောက်ပြီ၊ လားရှိုးမြို့လွတ်မြောက်ရေး တော်လှန်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်သည်ဟု MNDAA ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် ယခုထွက်ပေါ်လာသော ရုပ်သံမှတ်တမ်းထဲတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်ထားသည့်မှတ်တမ်းတစ်စုံတစ်ရာ မတွေ့ရှိရပေ။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းယူခံလိုက်ရပြီဆိုသော သတင်းနှင့်ပတ်သက်၍ စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်မီဒီယာမှတစ်ဆင့် ထိုနေ့ ညတွင်းချင်း တုံ့ပြန်သည်။

စစ်ကောင်စီ၏ တုံ့ပြန်ချက်တွင် လားရှိုးအနီး စစ်စခန်းများမှ ၎င်းတို့တပ်များ ဆုတ်ခွာခဲ့ရသည်ဟုသာ ပြောသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top