အာဏာရှင်လက်အောက် စစ်မှုမထမ်းလိုသူ လူငယ်တွေကို ဖိတ်ခေါ်နေ
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/အထူးတပ်ဖွဲ့) အပတ်စဥ် (၆) အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ဇူလိုင် ၂၁ ရက်မှာ ကျင်းပခဲ့ပါတယ်။
သင်တန်းဆင်းပွဲမှာ အလံတော်နဲ့ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင်လူကြီးများနဲ့ တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကားများပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက် တပ်ဖွဲ့မှုး ရဲဘော်အောင်စံရှားမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး ထူးချွန်ရဲဘော်တွေကို ဆုချီးမြှင့်ခဲ့ပါတယ်။
ရဲဘော်များမှ စစ်ရေးပြလှည့်လည်အလေးပြုခဲ့ကြပြီး ဒုတိယပိုင်းမှာ စစ်ဆင်ရေးသရုပ်ပြမှုများဆောင်ရွက်ခဲ့ကြကာ သင်တန်းဆင်းပွဲနဲ့ တပ်ဖွဲ့ (၃) နှစ်ပြည့်အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။
SOF တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ခုခံတွန်းလှန်စစ်စတင်တဲ့ အချိန်မှစပြီး မြို့ပြနဲ့ ကျေးလက်စစ်ဆင်ရေးများစွာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်မှုမထမ်းမနေရ အကြမ်းဖက်စစ်သားစုဆောင်းခြင်းနဲ့ အာဏာရှင်လက်အောက် စစ်မှုမထမ်းလိုတဲ့ လူငယ်လူရွယ်များ၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်လိုသော လူငယ်လူရွယ်တွေကို တပ်ဖွဲ့မှ နွေးထွေးစွာ ကြိုဆိုနေတယ်လို့ သိရပါတယ်။