စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးရွာကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဇူလိုင်လ ၂၇ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ညောင်ကိုင်းပျူစောထီးရွာကို ရိက္ခာများပို့ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား၊ ထွေလာဂျီများကို ထနောင်းကိုင်းရွာ ထိပ်တံတား အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဗုံးသီး ၃၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တော်လှန်ရေး တပ်ဖွဲ့များ ရှိသည်အထင်ဖြင့် လက်နက်ကြီး ၇ ချက်ထက်မနည်း ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် နှမသစ်ကျေးရွာမှ စစ်ရှောင်ပြည်သူ အသက် ၅၀ နှစ်အရွယ်အမျိုးသား ၁ ဦးနှင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်းသိရှိရသည်။
“ထိခိုက်စာရင်းက ကျွန်တော်တို့ အတိအကျ မသိရသေးဘူး။ ဒရုန်းနဲ့ ဗုံးကျဲချလို့ ထိသွားတဲ့ စစ်ခွေးတွေကိုတော့ ဆိုင်ကယ်တွေ ကားတွေနဲ့ တင်ခေါ်သွားတာတော့ တွေ့တယ်။ ကျွန်တော်တို့ မြေပြင်မှာလည်း ထိတွေ့မှုဖြစ်တာတွေလည်းရှိတယ်” ဟု Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို DUGF(Dragon Urban Guerrilla) ၊ Fire Dragon(Khin U) ၊ ရွှေဘိုခရိုင်တပ်ရင်း(၄) နှင့် SNAKE EYES -PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။