လားရှိုးမြို့ထဲကို “ဝ” တပ်ဖွဲ့ ဝင်ရောက်

စစ်တပ်နဲ့ ကိုးကန့်တပ်(MNDAA) တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်၊ မြောက်ပိုင်းက လားရှိုးမြို့ထဲကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တွေ မနေ့ညပိုင်းတုန်းက ဝင်ရောက်တယ်လို့ သိရပြီး ဒီသတင်း မှန်ကန်တဲ့အကြောင်း လားရှိုးမှာရှိတဲ့ ‘ဝ’ အဖွဲ့ရဲ့ ဆက်ဆံရေးအရာရှိက အတည်ပြုပါတယ်။

‘ဝ’ တပ်ဖွဲ့တွေ လားရှိုးမြို့ထဲကို ဇူလိုင်လ ၂၇ ရက်ညမှာ ဝင်ရောက်လာတာဖြစ်ပြီး လားရှိုးမြို့နယ်ထဲက ‘ဝ’ရဲ့ ပြင်ပဆက်ဆံရေးရုံးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်တာလို့ လားရှိုးမြို့ ‘ဝ’ ဆက်ဆံရေးအရာရှိ ဦးညီရမ်းက ပြောပါတယ်။

မြို့ထဲကို မဝင်ခင်မှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့တွေဆီကို အကြောင်းကြားခဲ့ပြီး အဲဒီ အဖွဲ့တွေရဲ့ သဘောတူညီချက်နဲ့ ဝင်ရောက်ခဲ့တာလို့လည်း သူကပြောပါတယ်။

‘’ လားရှိုးမြို့တွင် တပ်စွဲထားတဲ့ကျနော်တို့ “ဝ”လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနဲ့ ပံ့ပိုးပေးခြင်းများ လုပ်ဆောင်မှာမဟုတ်ပါ။ လားရှိုးမြို့နှင့် တစ်နိုင်ငံလုံးငြိမ်းချမ်း‌‌‌ရေးအမြန်ဆုံးရဖို့ကို “ဝ”ပြည်နယ်ကမျှော်လင့်ပါတယ်’’ လို့ သူကပြောပါတယ်။

အခုလဆန်းပိုင်းတုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက တန့်ယန်းမြို့ထဲကို အင်အားရာချီတဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်က ရာနဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပစ်မှတ်ထားတဲ့ ကိုးကန့်တပ်ရဲ့တိုက်ပွဲတွေ လားရှိုးမှာ ပြင်းထန်နေချိန် ‘ဝ’တပ်က သံလွင်မြစ်အရှေ့ဘက်ကနေ အနောက်ဘက်ခြမ်းက တန့်ယန်းကို ဝင်‌ရောက်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA)နဲ့ အာရက္ခတပ်တော်(AA) တို့က ပြုလုပ်တဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ ဒီညီနောင် ၃ ဖွဲ့ရဲ့မဟာမိတ်ဖြစ်တဲ့ ‘ဝ’တပ်ဟာ ထင်ထင်ရှားရှားပါဝင်ကြောင်း မပြသထားပါဘူး။

ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမအကြော့ပြီးချိန်မှာတော့ စစ်ဆင်ရေးအတွင်း သိမ်းနိုင်ခဲ့တဲ့ ဟိုပန်မြို့နဲ့ ပန်လုံမြို့ကို ကိုးကန့်တပ်က ‘ဝ’ တပ်ကို လွှဲပြောင်းပေးခဲ့သလို ‘ဝ’ ကလည်း အဲဒီနယ်တွေမှာ သူ့အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်နေပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top