မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ မိုးကုတ် – မန္တလေးလမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေပြီး မိုးကုတ် – သပိတ်ကျင်း လမ်းပန်းဆက်သွယ်မှုအား အောင်မြင်စွာ ဖြတ်တောက်ထားနိုင်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း မိုးကုတ်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်ကြားတွင် PLA က ဖြတ်တောက်ရေးတာဝန်ယူထားပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) လက်အောက်ခံ ခလရ(၁၄၈)အနီး မိုးကုတ် – မန္တလေး ကားလမ်းမပေါ်တွင် PLA အမှတ်(၂)စစ်ဒေသရှိ (၂၂၂)တပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကြောင်း PLA ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ဆင်ရေးစတင်သည့် ဇွန်လ ၂၅ ရက်မှ ဇူလိုင် ၂၇ ရက်အထိ မိုးကုတ် – သပိတ်ကျင်းလမ်းပိုင်းကို အောင်မြင်စွာ ဖြတ်တောက်ထားကြောင်း PLA က ဆိုသည်။
“ဖြတ်တောက်ရေးကို အောင်အောင်မြင်မြင်လုပ်နိုင်တော့ စကစ စစ်ကူတွေ မိုးကုတ်ဘက်ကိုရောက်မလာနိုင်အောင် တားဆီးနိုင်ခဲ့တာတွေရှိပါတယ်။
ခလရ ၁၄၈ ကို ထိန်းထားနိုင်တော့ မဟာမိတ်တပ်တွေ မိုးကုတ်ကို သိမ်းတဲ့အခါမှာ အထောက်အကူဖြစ်စေပါတယ်။
ထိခိုက်သေဆုံးမှု အခြေအနေတွေကို အသေးစိတ်မသိရသေးပါဘူး။”ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး၊ လက်နက်ငယ်များသုံး၍ တိုက်ခိုက်မှုများကို တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ကြောင်း PLA က ထုတ်ပြန်သည်။
မိုးကုတ်မြို့ကို TNLA နှင့် မဟာမိတ်တပ်ပေါင်းစုများ အောင်မြင်စွာသိမ်းပိုက်နိုင်ရန် ကျရာနေရာမှ ပူးပေါင်းတိုက်ပွဲဝင်နေပြီး တိုက်ပွဲများ ဆက်ရှိနေကြောင်း PLA က အသိပေးထားသည်။
သပိတ်ကျင်းမြို့နယ်ရှိ အင်းနက်ရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်း၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းများအား PDF များက သိမ်းပိုက်ထားသည်။
မိုးကုတ်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၄ ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။
သပိတ်ကျင်းမြို့နယ်သည် အရှေ့ဘက်တွင် မိုးကုတ်၊ မဘိမ်း၊ မိုးမိတ်မြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တောင်ဘက်တွင် စဥ့်ကူးမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့် ခင်ဦးမြို့နယ်တို့နှင့် ထိဆက်နေပြီး စစ်ရေးအရအရေးပါသောဒေသတစ်ခု ဖြစ်လာသည်။
(ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – PLA)