လားရှိုး မြို့တွင်တော်လှန်ရေးတပ်များသိမ်းပိုက်ထားသောစခန်း ၁၅ ခုအထိရှိလာ
လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ယနေ့သတင်းထုတ်ပြန်သည်။
ဇူလိုင် ၂၈ရက်နှင့် ၂၉ရက်နေ့များ၌မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုကသိမ်းပိုက်နိုင်ခဲ့သည့် တပ်စခန်းများကို ယခုကဲ့သို့ အသိပေးခြင်းဖြစ်သည်။
လားရှိုးမြို့အခြေစိုက် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ်(၂၄၂)စစ်လက်နက်တပ်ခွဲ နှင့် တပ်မတော်ဂေါက်ကွင်းတို့မှ စစ်ကောင်စီတပ်များကို အပြီး တိုင်တိုက်ထုတ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါတပ်စခန်းများကို သိမ်းပိုက်နိုင်ကြောင်းထုတ်ပြန်သော သတင်းဓါတ်ပုံမှတ်တမ်းတွင် သံချပ်ကာကား ကိုပါသိမ်းဆည်းနိုင်ခဲ့ပြီး BPLA တပ်ဖွဲ့ဝင်များက သံချပ်ကာကားနှင့် ဓါတ်ပုံရိုက်ထားသည်ကိုတွေ့ရသည်။ ထိုအပြင် လက်နက်ခဲယမ်းများစွာသိမ်းပိုက်နိုင်ခဲ့သည်ကိုလည်းတွေ့ရသည်။
MNDAAကလည်းတိုက်ပွဲသတင်း ထုတ်ပြန်ထားရာ ဇူလိုင် ၂၈ရက်က လားရှိုးဘူတာကိုသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းရုပ်သံမှတ်တမ်းနှင့်အတူဖော်ပြသည်။
လားရှိုး မြို့တွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော စခန်း စုစုပေါင်း ၁၅ ခုရှိနေပြီဖြစ်ကြောင်း စစ်ရေးရင်းမြစ်တစ်ဦးကပြောသည်။
MNDAAက ဇူလိုင် ၂၅ရက်တွင် လားရှိုးမြို့ရှိစစ်ကောင်စီတပ်များကိုသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာကာမြို့တွင်းအုပ်ချုပ်ရေးဖော်ဆောင်မည်ဟု အသိပေးပြီးနောက် စစ်ကောင်စီလက်ကျန် တပ်စခန်းများအား ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
(BPLA တပ်ဖွဲ့ဝင်များနှင့်အတူ သိမ်းဆည်းရရှိသော သံချပ်ကာကား၊ လက်နက်ခဲယမ်းများကိုတွေ့ရစဥ်။ဓါတ်ပုံ-BPLA)