အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထောင်ချထားတဲ့ NLD အစိုးရရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝင်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း ဇူလိုင်လ ၂၉ ရက်က မြစ်ကြီးနားထောင်ကနေ လွတ်မြောက်လာပြီလို့ မိသားစုနဲ့နီးစပ်သူတွေထံကသိရပါတယ်။
ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချခံရတဲ့ ဦီးဒါရှီလဆိုင်းဟာ ထောင်ဒဏ်ရက်စေ့ပြီး လွတ်မြောက်လာ တာပါ။
“လွတ်လာတာဟုတ်ပါတယ်၊ သူနေကောင်းကျန်းမာပါတယ်”လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
စစ်အာဏာသိမ်းမှုကိုလက်မခံတဲ့အနေနဲ့ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရဖွဲ့ပြီးချိန်ထိ ကချင်ပြည်နယ်အစိုးရအဖွဲ့ လက်အောက်က ဌာနဆိုင်ရာ ရုံးတွေကို ပိတ်ရက်အဖြစ် သတ်မှတ်တယ်လို့ ဝန်ကြီး ဦီးဒါရှီလဆိုင်းက ထုတ်ပြန်ချက်ထုတ်ခဲ့တာပါ။
အဲဒီထုတ်ပြန်ချက်ကိုမကျေနပ်တဲ့ စစ်ကောင်စီက စာထုတ်တဲ့ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၉ ရက်မှာတင် ဦီးဒါရှီလဆိုင်းကို နေအိမ်မှာ ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅(ခ)နဲ့ ထောင် ၂ နှစ်ချလိုက်တာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်အားလုံးကိုဖမ်းဆီးထောင်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာတော့ စည်ပင်ဝန်ကြီးနဲ့ စီမံစီပွားဝန်ကြီးတို့ လွတ်မြောက်ထားပါတယ်။