စျေးကွက်စီးပွားရေးစနစ် အစား အသင့်လျော်ဆုံးဖြစ်သော သမဝါယမစနစ် ကျင့်သုံးရန် အကြမ်းဖက်မင်းအောင်လှိုင် အမိန့်ပေး

မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရ စျေးကွက်စီးပွားရေးစနစ် အစား အသင့်လျော်ဆုံးဖြစ်သော သမဝါယမစနစ် ကျင့်သုံးရန် အကြမ်းဖက်မင်းအောင်လှိုင် အမိန့်ပေးပြန်

စျေးကွက်စီးပွားရေးစနစ်တွင် အစိုးရက ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများရှိနေ၍ သမဝါယမစနစ် ကျင့်သုံးခိုင်းဟုဆို

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လက်ရှိ အခြေအနေအရ စျေးကွက်စီးပွားရေးစနစ် အစား အသင့်လျော်ဆုံးဖြစ်သော သမဝါယမစနစ် ကျင့်သုံးရန်ဟု အကြမ်းဖက်မင်းအောင်လှိုင်က အမိန့်ပေးလိုက်သည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ၆/၂၀၂၄ အစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ အမိန့်ပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အစိုးရအများအနေဖြင့် စီးပွားရေးစနစ်အမျိုးမျိုးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ်ကြောင်း ၊ သမဝါယမ စနစ်ဆိုသည်မှာ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်တူညီသည့် လုပ်ငန်းရှင်အချင်းချင်း တောင်သူအချင်းချင်း စုဖွဲ့ဆောင်ရွက်ရသည့် အသင်းအဖွဲ့စနစ်တစ်ခုဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

ပါတီစုံဒီမိုကရေစီစနစ်တွင် စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိပြီး စျေးကွက်စီးပွားရေးစနစ်တွင် အစိုးရက ပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းနှင့် အစိုးရက ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများရှိကြောင်း၊ ယင်းလုပ်ငနး်များ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် သမဝါယမစနစ်သည် သင့်လျှော်သည့်စနစ်တစ်ခုဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ထို့ကြောင့် သမဝါယမ အသင်းများ ဖွဲ့စည်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များကို အခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင် ဆောင်ရွက်သွားစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကောင်စီက အရင်းအနှီး၊ နည်းပညာနှင့် အခြားလိုအပ်သည်များ ကို ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း၊ သမဝါယမစနစ်ဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းစေလိုကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုသွားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top