ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် အဖွဲ့ စခန်းစွန့်ထွက်ပြေး

စစ်အသုံးအဆောင်ပစ္စည်းအချို့ရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်အဖွဲ့များ အထိုင်ချထားသည့်နေရာကို တော်လှန်ရေးပူးပေါင်းတပ်များ၏ မကြာခဏတိုက်ခိုက်ခံရမှုကြောင့် စခန်းစွန့်ထွက်ပြေးသွားကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ် ဖွဲ့ KNDO၊ တပ်ရင်း(၇) တပ်ခွဲ(၅)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပုလောမြို့နယ်၊ ပုလောကုန်ကျေးရွာတွင် အင်အား ၃၀ ကျော်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့သည် ဇူလိုင်နောက်ဆုံးပတ်တွင် စခန်းစွန့်သွားခြင်းဖြစ်ပြီး ယင်းစခန်းနေရာကို ဇူလိုင် ၂၉ ရက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“သိမ်းဆည်းရမိတဲ့ပစ္စည်းကတော့ ထွေထွေ ထူးထူးမရှိဘူး။ အဓိကကတော့ ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်ရတဲ့အနေအထားပေါ့။ သူတို့ရဲ့စခန်းကို စွန့်ခွာပြီးမှ ထွက်ပြေးတဲ့အနေအထားမို့ သူတို့သုံးစွဲပြီးသား လက်ကျန်လေးတွေ၊ ပြီးတော့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်ယူနီဖောင်းတွေပေါ့။ ဒါတွေအားလုံးကို ပြည်သူပိုင်အနေနဲ့ သိမ်းဆည်းခဲ့တယ်”ဟု KNDO တပ်ခွဲ(၅)မှ တာဝန်ရှိသူက ပြောသည်။

သိမ်းဆည်းရရှိသော စစ်သုံးပစ္စည်းများတွင် တူမီးနှစ်လက်၊ လေသေနတ်တစ်လက်နှင့် ခဲယမ်းထည့်သည့် သေတ္တာများ၊ ပြည်သူ့ယူနီဖောင်းများပါဝင်ကြောင်း ၎င်းကရှင်းပြသည်။

ဇူလိုင် ၇ရက်ကလည်း ပုလောမြို့နယ် (၅)မိုင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ် ခလရ (၂၈၅)မှ အင်အား ၅၀ကျော်ဖြင့်စစ်ကြောင်းထိုးလာရာ KNDO တပ်ရင်း ၇၊ တပ်ခွဲ ၅ နှင့် PDF ပူးပေါင်းတပ်များက လမ်းမှစောင့်ကြိုတိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ (၅)မိုင်ရွာအနီး တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး သေနတ်ခုနစ်လက်နှင့် ခဲယမ်းအများအပြားရရှိခဲ့သည်။

(သိမ်းဆည်းရရှိခဲ့သော စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top