မင်္ဂလာဒုံရှိ ခလရ ၈၂ အစောင့်ဂိတ်နှင့် လှည်းကူးရှိ စစ်မှုထမ်းဟောင်းရုံးကို မိုင်းခွဲတိုက်ခိုက်

၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးကို ထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့ပြ စစ်ဆင်ရေးများ ဆောင်ရွက်မည်ဟု Operation Flame (OF)က ကြေညာ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ခလရ ၈၂ အစောင့်ဂိတ်နှင့် လှည်းကူးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြစစ်ဆင်ရေးအဖွဲ့ဖြစ်သော Operation Flame (OF)က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၃၀ရက်နေ့ ည ၇နာရီ ၁၀မိနစ်ဝန်းကျင်အချိန် လှည်းကူးမြို့နယ် ရန်ကုန်-ပဲခူးလမ်းမပေါ်ရှိ စစ်မှုထမ်းဟောင်းရုံးနှင့် ည ၇နာရီ၁၅မိနစ်ဝန်းကျင်အချိန် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာရပ်ကွက်၊ အမှတ်၃လမ်းမပေါ်ရှိ အကြမ်းဖက်စစ်တပ် ခလရ ၈၂ အစောင့်ဂိတ်ကင်းစခန်းတို့ကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး ရန်သူဖက်မှထိခိုက်မှုတစ်ချို့ရှိခဲ့ပြီး အသေးစိတ်အခြေအနေများအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ပေါက်ကွဲသံတွေကြားရတယ်။ ည ၈ နာရီ ၁၅ မိနစ်လောက်မှာ မှော်ဘီလေတပ်က ရဟတ်ယာဉ်တွေ နိမ့်နိမ့်လေးပျံပြီး စလိုက်မီးတွေနဲ့ အောက်ကို ထိုးပြီး ရှာတာတွေ တွေ့ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှု စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့ပြတော်လှန်ရေး မဟာမိတ်များအားလုံးနှင့်အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း​၊ မြောက်ပိုင်းညီနောင်၃ဖွဲ့နှင့်တော်လှန်ရေးအင်အားစုများ၏ “၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ”ကို အပြည့်အဝထောက်ခံပြီး ရန်ကုန်မြို့ပြစစ်ဆင်ရေးကိုလည်း ဟန်ချက်ညီဖော်ဆောင်သွားဖြစ်ကြောင်း Operation Flame (OF)က ကြေညာထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top