မြဝတီမြို့တွင် ၄ ရက်ကြာရေကြီးရေလျှံမှုဖြစ်ပွား၍လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရေပြန်ကျ

သောင်ရင်းမြစ်ရေတက်မှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လေးရက်ကြာရေကြီးရေလျှံမှု ဖြစ်ပွားပြီး ယမန်နေ့ ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာရေပြန်ကျသွားပြီဖြစ်ကြောင်း သိရသည်။

သောင်ရင်းမြစ်ရေသည် ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့မှစတင်ကာ မြင့်တက်လာပြီး ဇူလိုင် ၂၅ ရက်နေ့တွင်စိုးရိမ်ရေမှတ်ရောက်မည်ဟု ကြေညာပြီးနောက် ဇူလိုင် ၂၆ ရက်နေ့တွင်ရုတ်တရက် ရေကြီးကာ စိုးရိမ်ရေမှတ်ထက် ၁၁ ပေအထိ ကျော်လွန်၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

မြဝတီရေကြီးမှုကြောင့် နေအိမ်ပေါ်မှပြုတ်ကျသွားသည့် ကလေးငယ်တစ်ဦးအပါအဝင် လူလေး ဦးထက် မနည်းသေဆုံးမှု ရှိကြောင်းသိရသည်။

လက်ရှိတွင် မြစ်ရေကျသွားပြီဖြစ်သော်လည်း လမ်းမများပေါ်တွင် အမှိုက်သရိုက်များကျန်ခဲ့၍ ရှင်းလင်းခြင်း၊ နေအိမ်ဆေးကြောခြင်းများ ပြုလုပ်နေရကြောင်း မြို့ခံတစ်ဦးထံက သိရသည်။

သောင်းရင်းမြစ်ကို မြန်မာနှင့် ထိုင်းနိုင်ငံနယ်နမိတ်သတ်မှတ်ကာ နွေရာသီတွင် ရေအနက် လေးပေသာရှိပြီး စက်လှေများဖြင့်သာမကဘဲ လူဖြင့်ပင် ကူးသန်းသွားလာနိုင်ကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိမြစ်ရေကြီးမှုကြောင့် ရေကြီးနေသည့်မြို့ကြီး ၁၁ မြို့တွင် စိုးရိမ်ရေမှတ်ထက် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန်သည်။

ဓာတ်ပုံ – လူမှုကူညီရေးအဖွဲ့အစည်းတစ်ခု

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top