ရေဘေးကြောင့် နိုင်ငံတစ်ဝန်း ရထားခရီးစဉ်တွေ ဖျက်သိမ်း

မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မီးရထားလမ်းပိုင်းတချို့ ရေမြုပ်နေတာကြောင့် ရန်ကုန် – မန္တလေး၊ ပဲခူး – မော်လမြိုင်နဲ့ ပုသိမ် – ကြံခင်း ရထားခရီးစဉ်တွေ ဖျက်သိမ်းထားတယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့မီးရထားက ဇူလိုင်လ ၂၉ ရက်မှာ ကြေညာပါတယ်။

ပဲခူး၊ ဧရာဝတီနဲ့ မွန်ပြည်နယ်တွေမှာ ရေကြီးနေပြီး ရထားသံလမ်းတွေအပေါ် ရေ ကိုးလက်မကနေ တစ်ပေကျော်အထိ ရေနစ်မြုပ်တဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။

ရထားလမ်းတွေ ရေမြုပ်တာအပြင် ရထားတံတားတချို့ရဲ့ ရေလယ်တိုင်နဲ့ ကမ်းကပ်ခုံတွေလည်း ရေတိုက်စား နေပြီး လမ်းကြောင်းတချို့လည်း ပျက်စီးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့မှာ ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း ရေကြီးနစ်မြုပ်ခဲ့တာကြောင့် ခရီးသည် နှစ်ရာကျော်ကို ခရီးစဉ်ရွှေ့ပြောင်းပေးမှုတွေ လုပ်ခဲ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်း ရေကြီးနစ်မြုပ်မှုတွေကြောင့်လည်း ခရီးသည် ၄၅၀ နီးပါးကို ရထားခရီးစဉ်တွေ ပြောင်းရွှေ့ခဲ့ရတယ်လို့ မြန်မာ့မီးရထားက ပြောပါတယ်။

ရထားခရီးစဉ်တွေမှာ ရန်ကုန် – မန္တလေးနဲ့ ပဲခူး – မော်လမြိုင် ခရီးစဉ်တွေက ဒေသခံတွေ အသုံးပြုမှုများပြားပါတယ်။

“ဒီလထဲ ရထားနဲ့ ခရီးသွားဖို့ရှိတာ။ ရေတွေကြီးတော့ ရထားခရီးစဉ်တွေလည်း ဖျက်လိုက်ပြီ။ သွားဖို့လာဖို့ ကျတော့ အချိန်ရွှေ့လိုက်ရတာပေါ့။ အသက်ကြီးပိုင်း ကားမစီးနိုင်တဲ့သူတွေကျတော့ ရထားနဲ့ပဲ ခရီးဝေးကို သွားလာကြတာ။ နောက်ပြီး မိသားစုများတဲ့သူတွေလည်း ရထားပဲသုံးကြတာ”

စစ်ကောင်စီရဲ့ မြန်မာ့မီးရထားကတော့ မိုးသည်းထန်တာနဲ့ မြစ်ရေကြီးမှု အခြေအနေတွေကို စောင့်ကြည့်နေကြောင်းနဲ့ ရေပြန်ကျရင် ရထားလမ်းမွမ်းမံပြင်ဆင်မှုတွေပြုလုပ်ပြီး ပြန်လည်ပြေးဆွဲမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ်အတွင်းမှာ ရန်ကုန်ဘူတာကြီးကနေ ခရီးဝေးစီးနင်းတဲ့ ခရီးသည် တစ်ရက်ကို နှစ်ထောင်နီးပါး ရှိပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top