လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲသို့ ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲသို့ ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးများကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ခဲ့ကြောင်း တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ MNDAA ဦးဆောင်သော တော်လှန် ရေးတပ်များက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စတင်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ ယနေ့နံနက်အစောပိုင်းမှစတင်ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားကာ နံနက် ၁၀ နာရီခွဲအချိန် ရှော့တိုက်ဒုံး ၁၀ လုံးထက်မနည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းထဲသို့ ကျရောက် ထိမှန်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးထိမှန်ပြီးနောက် မီးများလောင်ကျွမ်းခဲ့ပြီး မီးခိုးလုံးကြီးများ တက်လာခဲ့ကြောင်း သိရှိရသည်။

“ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာ ရမခ တိုင်းရုံးထဲကို ရှော့တိုက်ဒုံးတွေ ၁၀ လုံးလောက် ကျပြီး ပေါက်ကွဲမှုတွေဖြစ်တယ်။ ပစ်တာကတော့ ရှော့တိုက်ဒုံးတွေ အများကြီးပဲ။ အဲဒီအထဲမှာ ၁၀ လုံးက ရမခထဲ ကွက်တိကျရောက်ပေါက်ကွဲတယ်။ ရမခတိုင်းစစ်ဌာနချုပ်ရဲ့ ပင်မအထိုင်ရုံးချုပ်နဲ့ ၁ မိုင် ပတ်လည်အတွင်းမှာ တိုက်ပွဲဖြစ်နေတယ်။ ပတ်ပတ်လည်ကနေ ရမခကို ၀ိုင်းရံ ပိတ်ဆို့ထားတာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

MNDAA ဦးဆောင်သော အထူးရဲတပ်ဖွဲ့များကလည်း လားရှိုးမြို့တစ်ခုလုံးတွင် ကင်းလှည့်နေပြီး လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယမန်နေ့တွင် လားရှိုးအကျဉ်းထောင်ကိုလည်း MNDAA တပ်များက ဝင်ရောက် သိမ်းပိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top