ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် အနီးတဝိုက်နေရာများတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ဇူလိုင် ၂၉ ရက်မှစတင်၍ ရမခ နှင့် အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့နံနက်ပိုင်းကလည်း ရမခ၊ ဘူတာနားတို့၌ တိုက်ပွဲဆက်လက် ပြင်းထန်လျက်ရှိသည်။
ထို့အတူ ရမခရှိသောနေရာဝန်းကျင်တွင် ရှော့တိုက်ဒုံးများကျရောက် ထိမှန်ကာ မီးလောင်ကျွမ်းမှုများကိုတွေ့ရကြောင်း ဒေသခံများက ဆိုသည်။
လားရှိုးဒေသခံတဦးက “ဒီမနက် ၁၀ နာရီကျော်လောက်က ခလရဘက်မှာ ၁၀ လုံးထက်မနည်း လက် နက်ကြီးသံ ကြားရတာ။ အခု မီးတွေလောင်နေတာ၊ မီးခိုးလုံးကြီးတွေ တက်လာတာ တွေ့တယ်” ဟု ပြောသည်။
ရပ်ကွက် ၉၊ ခေးနင်းလမ်းသွယ် ၈ နှင့် ရပ်ကွက်တချို့သို့ လက်နက်ကြီးကျ၍ အရပ်သားထိမှန်ဒဏ်ရာရမှုများရှိကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီ၏ လော်ဘီများကမူ ယနေ့တွင် ထပရ ၆၂၆၊ ဆက်သွယ်ရေးတပ်၊ ခလရ ၆၈၊ ဝန်တင်တပ်ရင်းတို့အပါဝင် တပ် ရင်း ၅ ရင်းအား ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောဆိုထားကြသည်။
လက်ရှိတွင် လားရှိုး ရမခတပ် မကျရေးအတွက် စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
လားရှိုးဘူတာ၊ လားရှိုး အကျဉ်းထောင်၊ စကစ အသံလွှင့်စက်ရုံ၊ ဆင်တောင် ခလရ ၄၁၊ ခလရ ၆၈ ၊ ခမရ ၅၀၇ တို့ အပါအဝင် မြို့အဝင် အထွက်နေရာများကို MNDAA နှင့်ပူးပေါင်းတပ်များ ထိန်းချုပ်ထားကြောင်း သိရှိရသည်။