ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူးမြို့ရှိ လေဆိပ်ကို ကိုးကန့်တပ်က ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည် ဇူလိုင်လ ၂၇ ရက်နေ့က လေဆိပ်နှင့် ၂ မိုင် အကွာရှိ ခလရ (၆၈) တပ်ရင်းကို အပြီးသတ် သိမ်းပိုက်ပြီးနောက် လေဆိပ်ကို သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။
“လေဆိပ်မှာ ခလရ (၆၈) တပ်တွေ လုံခြုံရေး ယူထားတယ်။ လေဆိပ်ထဲ ဝင်နိုင်ပြီလို့တော့ သတင်းရပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး”ဟု ၎င်းကရှင်းပြသည်။
လူမှုကွန်ရက်၌ ပြန့်နှံ့နေသည့် ရုပ်သံဖိုင် တစ်ခုတွင် လားရှိုးလေဆိပ် အတွင်း တော်လှန်ရေးတပ်သား တစ်ဦး ရောက်ရှိနေသည်ကို တွေ့ရသည်။
လားရှိုးလေဆိပ် သိမ်းပိုက်မှုနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုချက်ရရှိရန် ဆက်သွယ် ကြိုးစားနေဆဲ ဖြစ်သည်။
ယနေ့ လားရှိူးမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မီးလောင်ကျွမ်းမှုများ ရှိနေကြောင်း၊ ရမခ စစ်ဌာနချုပ် အတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် လားရှိုးရှိ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၇၀၀၅) သံချပ်ကာ တပ်ရင်း၊ အမှတ် (၂၄၂) စစ်လက်နက်တပ်ခွဲ၊ လားရှိုးဘူတာ၊ တပ်မတော် ဂေါက်ကွင်း တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကိုးကန့် ပူးပေါင်းတပ်က ထုတ်ပြန်ထားသည်။