မောင်တောမြို့နယ်အတွင်း တခုတည်းသာ ကျန်ရှိတော့တဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်း မြို့သူကြီး နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၅)မှ စစ်ကောင်စီတပ်သားတွေ တပ်ဆုပ်ထွက်ပြေးနေကြတယ်လို့ ဒေသတွင်း နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ မောင်တောမြို့အ၀င် မြို့သူကြီးရပ်ကွက်ရှိ အခိုင် အမာချထားတဲ့ မြို့စောင့်တပ် နခခ(၅) ကို မနေ့က မနက်ပိုင်းကတည်းက စတင်၀င်ရောက်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ စစ်ကောင်စီတပ်သားတွေ တပ်ဆုပ်ပြေးနေကြတာပါ။
“(နခခ ၅)စခန်းထဲမှာ ဘယ်လောက်မှ မကျန်တော့ဘူး၊ ဟိုဖက်ဒီဖက် ပတ်ပြေးနေကြတာ၊ ပြေးတဲ့လမ်းမှာလည်း အတိုက်ခံရလို့ သေတာတွေအများကြီး”လို့ စစ်ရေးနဲ့နီးစပ်တဲ့ မောင်တောဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
မြို့အ၀င် နခခ ၅ ထဲမှ စစ်ကောင်စီတပ်သားတွေဟာ မြို့ဆိပ်ကမ်းကနေတဆင့် စစ်ရေယာဉ်ဆီ ဆုပ်ပြေးဖို့ ကြိုးစားနေတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
“နေဗီကရော၊ လေယာဉ်ကပါ တောက်လျောက်ပစ်ကူပေးပြီး ပြေးဖို့လုပ်တာ၊ ထွက်ပေါက်က မရှိဘူး၊ မြို့ထဲမှာလည်း တော်တော်ပြင်းနေတယ်”လို့ မောင်တောဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဖက် ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးကလည်း မောင်တောမြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
“ဒီနေ့ မိုးမလင်းခင်ကတည်းက လေ ယာဉ်နဲ့ ပစ်နေတာ တနေ့လုံး ပစ်နေတယ်၊ လူ(အရပ်သား)အသေအပျောက်လည်း ရှိတယ်ကြားတယ်၊ သေချာ မသိရဘူး”လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း မောင်တောမြို့အနီးတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေ ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးဒဏ်ရာရသူ ဆယ်ချီရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းကနေစကာ မောင်တောမြို့အနီးပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တခုပြီးတခု တိုက်ခိုက်သိမ်း ပိုက်နေခဲ့တာဖြစ်ပြီး အခုအခါမှာတော့ တစ်ခုတည်း ကျန်နေတဲ့ နောက်ဆုံးလက်ကျန်စခန်း နခခ ၅ ကိုပါ အ ပြီးသတ်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
နခခ (၅) လို့ ခေါ်ကြတဲ့ မောင်တောအ ခြေစိုက် အမှတ် (၅)နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲမှာ မောင်တောမြို့နယ်အတွင်းက တပ်ဆုပ်ပြေးလာကြတဲ့ စစ်ကောင် စီရှေ့တန်းစခန်းတွေမှ တပ်သားရာချီကို စုပေါင်းထားခဲ့တာဖြစ်တယ်လို့ သ တင်းရင်းမြစ်တွေက ပြောထားပါတယ်။
AA ဟာ အခုတိုက်ခိုက်နေတဲ့ နခခ ၅ ကိုသိမ်းပိုက်ပြီးရင် မောင်တောမြို့နဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်တလျှောက် လုံးအပါအ၀င် မြို့နယ်တခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ဟာ မောင်တောအပြင် ပြည်နယ်တောင်ပိုင်း သံတွဲမြို့ နယ်မှ နောက်ဆုံးလက်ကျန်စခန်း သဗြုချိုင်ရေတပ်ကိုလည်း တပြိုင်တည်း ထိုးစစ်ဆင်နေပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင် ပြည်နယ်အတွင်းမှ မြို့နယ်ကိုးခုကို သိမ်းပိုက်ထားတဲ့ AA ဟာ တောင်ကုတ်နဲ့ အမ်းမြို့နယ်တို့မှာလည်း စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေပြီး ပြည်နယ်တခုလုံးကို သိမ်းပိုက်သွားမယ်လို့ ကြေညာထားပါတယ်။