လားရှိုးအကျဉ်းထောင် ဝန်ထမ်းနဲ့ မိသားစုဝင် ၁၂၀ ကျော်ကို “ဝ” တပ်ဖွဲ့ ခေါ်ထုတ်

စစ်ကောင်စီနဲ့ ကိုးကန့်တပ် (MNDAA) တို့ နှစ်ဖက်တိုက်ပွဲကြား ပိတ်မိနေတဲ့ လားရှိုးအကျဉ်းထောင် ဦးစီးမှူး အပါအဝင် ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၂၀ ကျော်ကို “ဝ” တပ်ဖွဲ့ (UWSA)က ဇူလိုင်လ ၃၀ ရက်နေ့ မနေ့ နေ့လယ် ပိုင်းမှာ ခေါ်ထုတ်သွားတယ်လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတွေကပြောပါတယ်။

အကျဉ်းထောင် ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို “ဝ” တပ်ဖွဲ့က စစ်ကားသုံးစီးနဲ့ မိုင်းရယ်မြို့ကို ခေါ်ထုတ် သွားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ခဲ့ရသူကပြောပါတယ်။

“စစ်ကားသုံးစီးနဲ့ အကျဉ်းထောင် ဝန်ထမ်းတွေ ပါသွားတာတွေ့လိုက်တယ်။ မိုင်းရယ်ကို ပို့လိုက်တာ”

လားရှိုးအကျဉ်းထောင်အနီးက ခြေလျင်တပ်ရင်း ခလရ-၆၈ တပ်ကို ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်ခဲ့ပြီးနောက် လားရှိုးအကျဉ်းထောင်က ဝန်ထမ်းနဲ့မိသားစုဝင်တွေ ထွက်ပြေးခဲ့တာပါ။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် (MNDAA) တိုက်ပွဲပြင်းထန်နေချိန် ဇူလိုင် ၂၇ ရက်နေ့မှာ “ဝ” တပ်ဖွဲ့ (UWSA) က လားရှိုးမြို့ထဲ ဝင်ရောက်ခဲ့ပါတယ်။

“ဝ” ဆက်ဆံရေးရုံးနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့နဲ့ လားရှိုးမြို့က တိုင်းရင်းသားပေါင်းစုံရဲ့ တောင်းဆိုမှုကြောင့် လားရှိုးကို ဝင်ရောက်ခဲ့တာလို့ “ဝ” တပ်ဖွဲ့ဘက်က ပြောဆိုထားပြီး နှစ်ဖက်စစ်ပွဲအတွင်းမှာ ပါဝင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

လားရှိုးမြို့အတွင်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနီးမှာ ဇူလိုင်လ ၃၀ ရက်နေ့အထိ တိုက်ပွဲ ပြင်းထန်နေပြီး အမှတ် (၉) ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်တွေမှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ခံရမှုတွေကြောင့် နေအိမ် အများအပြား ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် “ဝ” ဆက်ဆံရေးရုံး ရှိတဲ့ လားရှိုးမြို့ ပါရမီလမ်းမှာလည်း လေကြောင်းကနေ ဗုံးကြဲခံရလို့ “ဝ” ဆက်ဆံရေးရုံး အဆောက်အအုံအပြင် အနီးအနားကနေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top