(သံတွဲ ကွင်းဝိုင်းရေတပ်မှ ရေတပ်မှူးလည်း တိုက်ပွဲဖြစ်ပွားပါက အဆင်သင့်ထွက်ပြေးနိုင်ဖို့ တိမ်းရှောင်နေဟုဆို)
ရခိုင်ပြည် သံတွဲမြို့ ကွင်းဝိုင်းရေတပ်က ရေတပ်မှူးမှာ တိုက်ပွဲဖြစ်ပွားလာပါက အဆင်သင့် ထွက်ပြေးနိုင်ဖို့ လုံခြုံတဲ့ နေရာမှာ ပုန်းအောင်း တိမ်းရှောင်နေပြီး တိုက်ပွဲထဲက တပ်ဆုတ်လာတဲ့ စစ်ကောင်စီ တပ်သားတွေကိုလည်း ရေတပ်အတွင်းသို့ ဝင်ခွင့်မပေးတော့ရာမှ အချင်းချင်း အကြား ပစ်ခတ်မှုတွေ ရှိနေကြတယ်လို့ ရေတပ်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
“ ကွင်းဝိုင်းရေတပ်ကို ဝင်တိုက်တဲ့ အခြေအနေတော့ မရှိသေးဘူး။ မနေ့က ရွာအရှေ့ဖက် ဘုန်းကြီးကျောင်းကို ဗုံးတစ်လုံးကျတယ်။ ရွာသာယာဖက်သွားတဲ့လမ်းမှာ ဗုံးတစ်လုံးပေါက်တယ်။ လူသေတာတော့မကြား။ ကိုယ့်အချင်းချင်းလည်း စစ်သားတွေ ပစ်ကြတယ်။ စစ်မတိုင်ချင်လို့ ပြန်လာတဲ့သူတွေကို ရေတပ်ထဲ အဝင်မခံပြန်လွတ်တယ်။ သပြုချိုင်၊ ဂျိတ္တောဖက်၊ ရေဖြူအိုင်ဖက်က ပြန်ဆုတ်လာတဲ့ စစ်သားတွေ တပ်ထဲအဝင်မတော့ဘူးလေ။ အချင်းချင်း ပစ်ခတ်တာတောင်ရှိတော့ ရွာသားတွေက ပြေးဖို့ပဲစဉ်းစားကြရတယ်။ တပ်ထဲမှာ အဝင်ကင်း၊ အလယ်ကင်း၊ အထွက်ကင်း ၃ ခုပဲရှိတော့တယ်။ ဘုတ်ပြားစစ်ရေယာဉ်တစ်စီးက တပ်ဆုပ်ရင် ကယ်ဖို့အဆင်သင့် ရေလယ်မှာ စောင့်နေတယ်။”
ယခုရက်ပိုင်းအတွင်း ကွင်းဝိုင်းရေတပ်သို့ သပြုချိုင်ဆိပ်ကမ်းကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီ တပ်သားတွေ မလာရောက်နိုင်အောင် ရေတပ်အတွင်းမှလက်နက်ကြီးတွေနဲ့ ဟန့်တား ပစ်ခတ်ခဲ့ရာက သပြုချိုင် ကျေးရွာနဲ့ ကွင်းဝင်းကျေးရွာလမ်းပေါ်ရှိ အအေးခန်းစက်ရုံတစ်ခု၊ ရေခဲစက်တစ်ခုမီး လောင်ခဲ့ပြီး မီးသတ်မဲ့သူမရှိတဲ့အတွက် အပျက်အစီးတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သပြုချိုင်ဆိပ်ကမ်းက တိုက်ရေယာဉ်တွေမှာ အေအေမှ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှာကို စိုးရိမ်ပြီး ဆိပ်ကမ်းက ခွာကာ မော်ရုံကျေးရွာအနီးရှိ ကျောက်ဆောင်တွေကို ကျည်ကွယ် မျက်ကွယ်ယူကာ ရပ်နားနေတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
“တိုက်လို့ရတဲ့ တိုက်ရေယာဉ်က သပြုချိုင်ဆိပ်ကမ်းမှာ ၅ စီးရှိတယ်။ ရှေ့မှာ အမြောက် ၂လက် ကိုထောင်ထားတဲ့ရေယာဉ်မျိုးပေါ့။ လူအယောက် ၂၀ လောက်ပဲ ဆန့်တယ်။ အဲ့ဒီရေယာဉ်တွေက သပြုချိုင်ဆိပ်ကမ်းမှာ အခု မရှိတော့ဘူး။ မော်ရုံရွာနားက ကျောက်ဆောင်တွေနားမှာ ကျည်ကွယ် မျက်ကွယ်ယူပြီး ပုန်းနေကြတယ်။ ရေတပ်မှူးက အဲဒီဖက်တိမ်းရှောင်သွားပြီလို သိရတယ်။ အဲဒီနေရာက ကျောက်ဆောင်တွေ ကွယ်နေတော့ ကမ်းပေါ်က တိုက်ရိုက်ပစ်ရင် မထိနိုင်ဘူးလေ။ တပ်အခေါ် ကျည်ကွယ်နေရာတဲ့။ တပ်မှူးက အသစ်နယ်မြေမ ကျွမ်းကျင်ဘူး။ ကျည်ကွယ် မျက်ကွယ်ရှာပြီးပုန်းနေတဲ့ သဘော။”
ဒါ့အပြင် ဂျိတ္တောတစ်ဖက်ကမ်းရှိ ရေကျွန်း (ခေါ် ) ပုလဲကျွန်း ပေါ်မှာ လည်း စစ်ကောင်စီ တပ်သား တစ်ရာကျော် ပိတ်မိနေပြီး အဲဒီစစ်သားတွေဟာ ဧရာဝတီတိုင်းမှ စစ်ကူလာတဲ့ စစ်သားတွေ ဖြစ်ကြပြီး အဲဒီ အထဲမှာ တပ်ရင်းမူး ဗျူဟာမှူးလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ (ဓာတ်ပုံ- ပုံဟောင်း)