မိုးမိတ်မြို့နယ်ရှိ စစ်တပ် စခန်း အားလုံးကို TNLA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက် ၆၀၀ ကျော် သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း အားလုံးကို တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက် ၆၀၀ ကျော် သိမ်းဆည်းရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ စကခ-၂၁ (မပခ) ၊ ခမရ-၃၄၈ ၊ ခလရ (၂၂၃၊ ၂၇၆) ဗျူဟာမှူး အခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ဝင်ရောက် ရှင်းလင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးမိတ်မြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း ဇွန်လ ၂၇ ရက်နေ့မှ စတင် တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် ၄ ပတ်အကြာ ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း အားလုံးကို ရှင်းလင်း သိမ်းပိုက်ခဲ့သည်။

ထို့ပြင် မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စန်းများဖြစ်သော ၃၄၈ ဗျူဟာကုန်း၊ ခလရ (၂၂၃)စခန်း၊ ၊ခလရ (၂၆၇)စခန်း၊ ခမရ(၃၄၈) စခန်း ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင်(၆)တပ်စခန်း၊ ပလက်တီနန်၊ ဗိမာန်ကျောင်းနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများကိုလည်း အလုံးစုံ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့သည် စကခ-၂၁ လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၂၃၊ ၂၇၆ နှင့် ခမရ-၃၄၈ တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့လည်း ဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ၂၅၀ လက်၊ 120 MM (၁)လက်၊ 60 MM (၁၉)လက်၊ 81 MM (၉)လက်၊ ပွိင်းဖိုက်(၃)လက်၊ RPG (၁၆)လက်၊ ဂျမ်းပါ (၂)စုံ၊ စိန်ပြောင်းနောက်ပွင့် (၂)လက်၊ လေယာဉ်ပစ်လက်နက် (၁)လက်၊ ပစ္စတို (၃)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိပြီးခဲ့ကြောင်း၊ ထို့ပြင် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ မိုးမိတ် တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၉)ကြိမ်၊ Y12 လေယာဥ် (၃၈)ကြိမ်၊ Y12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချမှု (၁၄) ကြိမ်၊ လက်နက်ကြီးဖြင့် (၂၂၁) ကြိမ်၊ ပေါင် ၅၀၀ ဗုံး (၁)လုံး နှင့် အတွဲလိုက်ဒုံး (၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း စခန်းများကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည် တိုက်ခိုက်မှုကြောင့် မိုးမိတ်ဒေသ ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိကာ စာသင်ကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် (၅) လုံး မီးလောင်ပျက်စီးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း တအာင်းတပ်မတော် PSLF/TNLA က နောင်ချိုမြို့နှင့် မိုးကုတ်မြို့တိုကို သိမ်းပိုက်ခဲ့ပြီး၊ တတိယ သိမ်းပိုက်ရရှိသည့် မြို့အဖြစ် မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း TNLA က ပြောဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top